Saturday, March 10, 2012

မြန်မာ့ဆက်သွယ်ရေး (MPT) မှ (Bill) ဖုန်းကျသင့်ငွေများကို မှန်ကန်သောနည်းဖြင့် တောင်းခံစေလို

မြန်မာ့ဆက်သွယ်ရေးမှ ငှားရမ်းအသုံးပြုခွင့်ပေးထားသော Mobile ဖုန်းများတွင် (Prepaid Card) ငွေကြိုသွင်းသည့်စနစ်ဖြင့် သုံးစွဲရပါသောကြောင့် များစွာပင် အဆင်ပြေလှပါသည်။  ဆက်သွယ်ရေးအနေဖြင့် ယခင်ကသို့ ဖုန်းများကို ၀န်ထမ်းသက်သာစရိတ်များ တောင်းယူခွင့်လည်း မရှိတော့ပေ။ ငွေကြိုသွင်းစနစ်သာအဆင်ပြေပါသည်။ ဖုန်းလိုင်းကောင်းမွန်ရန်အတွက် ပြုလုပ်ပေးနေသည်ကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးပါက သုံးစွဲသူပြည်သူများအနေဖြင့် ကျေးဇူးလည်းအထူးပင်တင်ပါသည်။ ယခုအခြေအနေမှာ ဖုန်းပြောလျှင် “ကြားလား...၊ ကြားလား...၊ ကြောင်လား...” မေးနေရင်းဖြင့် ဖုန်းဘီလ်တက်ပြီး ဖုန်းလိုင်းကျသွားသည်သာ များပါသည်။ ဖုန်းလိုင်းမကောင်းသောကြောင့် ဖုန်းပြောလျှင်လည်း အော်ပြောရလွန်းလို့ တစ်ရပ်ကွက်လုံးပင်ကြားရသည်။ မြန်မာ့ဆက်သွယ်ရေးတွင် စားပေါက်ဖန်ရန်မှာ ယခင်ကဲ့သို့ အကြောင်းမလှတော့ပေ။ သမ္မတကြီးအား အထူးပင် ကျေးဇူးတင်ပါသည်။ သို့ပါသော်လည်း (Prepaid Card) ငွေကြိုသွင်းစနစ်အသုံးမပြုရသေးသော ၁၅ သိန်းခွဲတန် CDMA 450 နှင့် GSM ဖုန်းများကျန်ရှိနေပေသေးသည်။ ၁၅ သိန်းခွဲတန် ငှားရမ်းအသုံးပြုခွင့်ပေးသည့်အချိန်က တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် တိုင်းရန်ပုံငွေအတွက် ၂ သိန်း အပိုသွင်းရသေးသည်။ ဖုန်းဈေးသာများပြီး မည့်သည့် ၀န်ဆောင်မှုမှ မရရှိပေ။ ထိုဖုန်းသုံးစွဲနေသူများမှာ ကံဆိုးပြီးရင်း ဆိုးလှပေသည်။ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းဘီလ်များကို တောင်းချင်သလိုတောင်း၊ ဖုန်းများကို အကြောင်းမကြားဘဲ ပိတ်ချင်သလိုပိတ်၍ ဒဏ်ကြေးငွေများကို မဆောင်ခိုင်းသင့်ပေ။ ဖုန်းဘီလ်များလည်း ဖုန်းမသုံးစွဲဘဲ ဖုန်းပိတ်ထားသည့် လများတွင်ပါ ဖုန်းဘီလ်များတက်နေပါသည်။ အင်မတိအင်မတန်ပင် ထူးဆန်းလှပါသည်။  ၄င်းအခြေအနေနှင့်ပတ်သက်၍ သိရှိလိုပါသဖြင့် မြန်မာ့ဆက်သွယ်ရေးသို အကြောင်းကြားမေးမြန်းသောအခါ “ဖုန်းများသည် ဖုန်းလိုင်းကျသည့်အချိန်တွင် အသုံးပြုပါက ပိုမို၍ ဖုန်းဘီလ်တက်ကြောင်း၊  ဖုန်းခေါ်၍မ၀င်လျှင်လည်း ဖုန်းဘီလ်တက်ကြောင်း” စသဖြင့်ပြောကြားခဲ့ပါသည်။ တော်တော်ကောင်း လိုက်သည့်နည်းပညာ ဖြေကြားချက်ပင်။ ထိုကြောင့်ပင် တမင်တကာ ဖုန်းလိုင်းများကို ကျအောင်လုပ်နေသလားပင်မသိပေ။ ဖုန်းဘီလ်နဲ့ပတ်သက်၍ အသေးစိပ်တောင်းပြန်လျှင်လည်း တစ်လလောက်ကြာမည်၊ ဟိုမှာစာတင်ရမည်၊ ဒီမှာစာတင်ရမည်ဆိုပြီးတော့ အကြောင်းပြချက် အမျိုးမျိုးပေးနေပေသည်။ ဘယ်လိုအကြောင်းကြောင့်ပင်ဖြစ်စေကာမူ မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းများအနေဖြင့် ဖုန်းဘီလ်များနှင့်ပတ်သက်၍ သုံးစွဲသူများကို မသိနားမလည်ရင်လည်း  သိနားလည်အောင် ခိုင်မာသည့် အကြောင်းပြချက်ဖြင့် ရှင်းပြသင့်ပြီး၊  ဖုန်းဘီလ်များကိုလည်း မှန်ကန်သောနည်းလမ်းများဖြင့် တောင်းခံစေလိုပါသည်။ အကျင့်ပျက်ဝန်ထမ်းများကြောင့် ကျန်သည့်ဝန်ထမ်းများကိုပါ နာမည်ပျက်စေပြီး အစိုးရကိုပါ ထိခိုက်စေနိုင်ပါသည်။