Monday, August 27, 2012

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း 
       မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း ရွာသူ/သားများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
   မြိတ်မြို့နှင့် ကိုးမိုင်ခန့်ဝေးကွာသည့် ကျွဲကူးကျေးရွာတွင် ယခုလက်ရှိ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော ဒေါ်ဝင်းဝင်းခိုင်သည် ကျွဲကူးရွာသူ/သားများတည်ဆောက်ပေးထားသော ကျန်းမာရေးဆေးခန်းတွင် နေထိုင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်မှာ (၄)နှစ်ခန့်ပင် ရှိခဲ့ပြီဖြစ်သည်။ ဒေါ်ဝင်းဝင်းခိုင်သည် တာဝန်ထမ်းရန် ရောက်ရှိသည့်အချိန်မှစ၍ ယခုအချိန်ထိ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရှိရပါသည်။ ဆင်းရဲသားလူနာများ အရေးပေါ်သွားရောက် ပင့်ဆောင်သည့်အခါများတွင် အချိန်မှီ လိုက်ပါခြင်းမရှိကြောင်း၊ အရေးပေါ် သွားရောက် ပင့်ဆောင်လျှင်လည်း မောက်မာရိုင်းပြစွာ ပြောဆိုဆက်ဆံကြောင်း၊ ဆေးကုသမှုစရိတ်များမှာလည်း ဆေး တစ်လုံးထိုးလျှင် တစ်သောင်းကျပ်ယူကြောင်း၊ လူနာများကိုလည်း ပိုက်ဆံရလျှင် ပြီးရောဆိုသည့်ပုံစံဖြင့် စေတနာမပါဘဲ ရိုင်းပြစွာ ပြုမှုဆက်ဆံကြောင်းတို့ကို သိရှိရပါသည်။ ၄င်းအပြင် ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် စောင့်ရှောက်မှုများ မပေးခြင်း၊ အရေးပေါ်မွေးဖွားရန်အတွက် သွားရောက်ပင့်ဆောင်လျှင်လည်း အချိန်မှီ လိုက်ပါခြင်းမရှိခြင်း၊ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရာတွင်လည်း မိမိထံ၌ ပြသအပ်နှံသူများကိုသာလျှင် ကြည့်ရှုပေးခြင်းနှင့် မွေးစာရင်းများကိုထုတ်ပေးခြင်း၊ အခြားသော ကိုယ်ဝန်ဆောင်များကိုမူ စောင့်ရှောက်မှု မပေးခြင်းနှင့် မွေးစာရင်းများနှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးမှုမရှိခြင်း၊ မပြုလုပ်ပေးနိုင်ကြောင်း ကိုလည်း ပြောဆိုခြင်း၊ မိမိကိုယ်ပိုင်ဖွင့်လှစ်ထားသော သားဖွားဆေးခန်းတွင် လာရောက်အပ်နှံသော လူနာများကိုသာ လက်ခံပြီး ဂရုတစိုက် စောင့်ရှောက်မှုများပေးခြင်း စသည်တို့ကို ပြုမူပြောဆို ဆက်ဆံလျှက်ရှိကြောင်း သိရှိရပါသည်။
  ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြစွာ ပြုမှုပြောဆိုမှုများ ကို ဒေသခံပြည်သူများအနေဖြင့် မကျေနပ်ချက်များစွာ ရှိသော်လည်း ကျေးရွာ တွင် ဆေးကုသမှုပေးနေသည်မှာ ဒေါ်ဝင်းဝင်းခိုင် တစ်ဦးတည်းရှိနေသောကြောင့် များစွာ ပင် သီးခံ၍နေရကြောင်း၊ ၄င်း၏ ပြုလုပ်ချက်များနှင့်ပတ်သက်ပြီး တင်ပြပေးရန်နှင့် ဖြစ်နိုင်မည် ဆိုပါက စေတနာပြည့်ဝသည့် ၀န်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်ပေးရန်တို့အတွက် သက်ဆိုင်ရာများသို့ တင်ပြပေးရန် စန္ဒ၀တ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား သွားရောက် အကူအညီတောင်းခံရာတွင်လည်း ဦးစိုးအောင်မှာ မိမိနှင့် မသက်ဆိုင်သလို ပြောဆိုပြီး ကူညီဆောင်ရွက်ပေးမှုမရှိခြင်းတို့ကိုလည်း သိရှိရပါသည်။ ထိုကြောင့် ပြည်သူများမှ သက်ဆိုင်ရာသို့ သွားရောက်တင်ပြပြီး အကူအညီတောင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာမှလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ သက်ဆိုင်ရာသို့ တင်ပြသည်နှင့်ပတ်သက်၍ ဒေါ်ဝင်းဝင်းခိုင်မှ  “နင်တို့ ငါ့ကို အလုပ်ပြုတ်အောင်လုပ်ချင်လျှင် ထားဝယ် (တိုင်း)မှာ တိုင်မှရမယ်… ဘိတ် (မြိတ်မြို့)အဆင့်နဲ့ ဘာမှ လုပ်လို့မရဘူး… ဒီရွာမှာနေတဲ့သူတွေအားလုံး လူတွေမဟုတ်ဘူး.. ကျွဲတွေ… မကျေနပ်တဲ့သူအားလုံး ဆေးထိုးသတ်မယ်…” ဟူ၍ ပတ်ဝန်းကျင်ရှိ ပြည်သူများကို ရိုင်းပြစွာပြောဆိုပြီး ကြုံးဝါးထားသည်ဟူ၍လည်း သိရှိရပါသည်။ ထိုသို့ ဆေးထိုးသတ်မည်ဟု ကြုံးဝါးထားသောကြောင့် ပြည်သူများမှာ ဘာမျှလည်းမလုပ်ရဲ၊ သွားရောက်ပင့်ဆောင်ရန်အတွက်လည်း မ၀ံ့ရဲဘဲ ကြောက်ရွံ့လျှက်ရှိကြောင်း သိရှိရပါသည်။
   ထိုကဲ့သို့ ဖြစ်ပေါ်လျှက်ရှိနေသော ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစား ခွဲခြားမှု၊ မောက်မာ ရိုင်းပြစွာ ပြုမှုပြောဆိုမှု၊ ဆေးတန်းဖိုး အဆမတန်ကြီးမားမှု၊ မိမိ၏ အကျိုးစီးပွါး ကိုသာကြည့်၍ ကိုယ်ပိုင်ဆေးခန်းတွင်သာ ဆေးကုသမှု စသည်တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ်ပြီး အလေးထားဆောင်ရွက်ပေးပါရန်နှင့် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန် ချထားပေးပါရန်အတွက်  ပြည်သူများ၏ဆန္ဒအတိုင်း တင်ပြ အကူအညီ တောင်းခံအပ်ပါသည်။
 

Friday, August 17, 2012

ဥပဒေနှင့် မညီသောလုပ်ဆောင်မှုအား ကော်မရှင်က မှတ်တမ်းတင်ထားကြောင်း အသိပေးအကြောင်းကြားခြင်း (ဒေါ်အောင်ဆန်းစုကြည် ဥရောပမှအပြန် ဖြစ်စဉ်)

ဥပဒေနှင့် မညီသောလုပ်ဆောင်မှုအား ကော်မရှင်က မှတ်တမ်းတင်ထားကြောင်း အသိပေးအကြောင်းကြားခြင်း 

     ၁။       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်မှအပြန် ၃၀-၆-၂၀၁၂ ရက်နေ့ ၁၀း၃၀ နာရီအချိန်ခန့်တွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိကြောင်း၊ ယင်းနေ့ ၁၀း၄၆ နာရီအချိန်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အနီးကပ်လုံခြုံရေးလူငယ်များလိုက်ပါ၍ ရန်ကုန်လေဆိပ်မှ ထွက်ခွာလာရာ လေဆိပ်လမ်းမကြီး၊ ပြည်လမ်းမကြီးနှင့် တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်တို့တွင် NLD ပါတီဝင်နျင့် ပါတီလိုလားသူများက “မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာ ကြိုဆိုပါသည်” စာတမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ပိုစတာဆိုင်းဘုတ်များဖြင့်လည်းကောင်း၊ ပန်းစီးကမ်း၍လည်းကောင်း ကြိုဆိုခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသည့်ယာဉ်တန်းသည် ဇွန်လ ၃၀ ရက် ၁၁း၁၄ နာရီအချိန်ခန့်တွင် ၈ မိုင်လမ်းဆုံမီးပွိုင့်အနီး လူကူးမျဉ်းကြားအရောက်တွင် လမ်းလယ်မျဉ်းဖြူ၌ အမည်မသိ လူငယ် ၃ ဦးခန့်မှ အသင့်လိပ်ယူလာသော အလျား ၃ ပေ၊ အနံ ၂ ပေခန့်ရှိ ဗီနိုင်းစတွင် အနက်ရောင်ဖြင့်ရေးသားထားသော “ကုလားမယားစုကြည် အလိုမရှိ” စာသားပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြသခဲ့ကြောင်း၊ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်ရှေ့မှ လုံခြုံရေးလိုက်ပါလာသည့် အီဇူးဇူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/၂၁၆၈ ပေါ်ရှိ စိုးဝင်း၊ ရွှေဂျိုး (ခ) မြစိုးနှင့် မြင့်ဌေး တို့ ၃ ဦးတို့သည် ကားပေါ်မှဆင်းလာပြီး၊ ရွှေဂျိုး (ခ) မြစိုးမှ ဗီနိုင်းစကိုင်ဆောင်သူ လူငယ်အား လက်သီးဖြင့်ထိုးကြိတ်၍ စိုးဝင်းက အဆိုပါဗီနိုင်းစကို သိမ်းဆည်းကာ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း ဖြစ်စဉ်များအား လှုပ်ရှားမှုဓါတ်ပုံများနှင့်တကွ သက်ဆိုင်ရာဌာနမှ သတင်းပေးပို့တင်ပြလာပါသည်။
      ၂။       ဖော်ပြပါသတင်းဖြစ်စဉ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တစ်ဦး၏ နိုင်ငံခြားပြန်ခရီးကို ပါတီဝင်များနှင့် ပါတီလိုလားသူများက ၄င်းတို့၏ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသ၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသကဲ့သို့၊ ယင်းပါတီကို မလိုလားသူများကလည်း ၄င်းတို့၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိခြင်းမှာ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါသည်။ သို့ရာတွင် ယင်းသို့ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြသခြင်းမှာ တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်ပါ၍ ဥပဒေနှင့် မညီသော လုပ်ဆောင်မှုဖြစ်ကြောင်း ကော်မရှင်က သုံးသပ်ဆုံးဖြတ်ပါသည်။
 ၃။ ထို့အပြင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး၊ ဥပဒေချိုးဖောက်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီသာ ဖြေရှင်းဆောင်ရွက်ကြရပါမည်။ သို့မှသာ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ် ရရှိနိုင်မည် ဖြစ်ပါသည်။
  ၄။  ယခုဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ အနီးကပ်လုံခြုံရေးလိုက်ပါသူများကိုယ်တိုင်က သူတစ်ပါး၏ လုပ်ဆောင်မှုကို မကျေနပ်ပါက ဥပဒေနှင့်အညီ အရေးယူဖြေရှင်းခြင်းမပြုဘဲ လက်လွတ်စပယ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ကော်မရှင်ကသုံးသပ်ပါသည်။
     ၅။       သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနက တင်ပြလာသော ဖြစ်စဉ်အပေါ် ၅-၇-၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော်မရှင်အစည်းအဝေးအမှတ်စဉ် (၂၁/၂၀၁၂)တွင် ဆွေးနွေးသုံးသပ် မှတ်တမ်းတင်ထားရှိကြောင်း အသိပေးအကြောင်းကြားပါသည်။

♣ ယခု အထက်၌ ဖော်ပြခဲ့ပါသော အကြောင်းအရာများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သို့ အကြောင်းကြားထားသော စာသားများ အတိုင်း ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။  ♣

ကျောက်မီးသွေးစက်ရုံနှင့်ပတ်သက်ပြီး မှားယွင်းစွာ ထင်မြင်နေသူများအား ဖြေရှင်းပြခြင်း





၁။ ၀ဘ်ဆိုက်တွင် အသံအရမ်းကျယ်လို့ ဘေးအိမ်တွေနဲ့ ကျောင်းကတောင်မှ ကလေးတွေ လန့်ပြေးကြတယ်လို့ ဆိုထားတဲ့ ၀ဘ်ဆိုက်အတွက် ပြောပြချင်တာလေးပါ။

ဖြေ။ ကျောက်မီးသွေး စက်ရုံစတင် မလည်ပတ်ခင်မှာ အထဲမှာ ရှိနေတဲ့ သံမှုန်များနှင့်ချေးများကို ရေနွေးနှင့်ချေးချွတ်ရပါတယ်။ ပြီးတာနဲ့ အထဲက အမှုန်အမွှားများနှင့်လည်ပတ်မှု့စနစ် ရှင်းလင်းသွားအောင်လို့ စက်ရုံကို ရေနွေးငွေ့ကို pressure ပေးပြီး အပြင်ကို ရေမကျန်အောင်နှင့်အထဲကကချေးများ ပြင်းထန်စွာတုန်ခါပြီး အပြင်ကိုထွက်သွားအောင်လို့ လွှတ်ထုတ်ရပါတယ်။ ဒါဟာ ပထမတစ်ချက်ပါ။ အမြဲတမ်းဖြစ်နေမယ့် အရာမဟုတ်ပါဘူး။

၂။ မီးခိုးပြာများကျလို့ အနားက အိမ်တွေတောင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
တစ်ခြားသူအတွက်တော့ ဘယ်လိုနေလဲတော့ မသိပါဘူး။ ကျွန်တော့်အတွက်တော့ အတော့်ကို ဟာသပါပဲ။ စက်ရုံတောင် စပြီးမလည်ရသေးပါဘူး။ ချေးချွတ်ဆေးကြောနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အဲ့မှာ အသေးစိတ်သိချင်ရင် အင်္ဂလိပ်လို ကျွမ်းကျင်သူများနှင့် မေးမြန်းခွင့်ရှိသူများ တာရိုက်မေးမြန်းကြည့်ပါ။ သိပါလိမ့်မယ်။ စက်ဆေးတဲ့အတွက် မီးခိုးပြာက ဘယ်ကကျသသလဲဆိုတာကို ကျွန်တော်တော့် မခန့်မှန်းတတ်ပါ။

၃။ နေအိမ်နဲ့အရမ်းနီးလို့ဆိုတဲ့ ညီလေးတစ်ယောက် အတွက်ကိုလည်း ပြန်ပြောပြချင်ပါတယ်။
ယခုသတ်မှတ်ဆောက်လုပ်ထားသော နေရာသည် ညီပြောသလို နေအိမ်နှင့်ညီပြောသလောက် မဝေးပါ။ ပြီးတော့ စက်ရုံတကယ်လည်ပတ်ပြီဆိုရင် အင်ဂျင်သံသာ ဘာသံကြားရမလဲ၊ အခုလည်ပတ်နေတဲ့ စက်သုံးဆီအင်ဂျင်သံ(မြို့လည်တွင် တည်ဆောက်ထားသည့် စက်ရုံ)နှင့် ယှဉ်ကြည့်လိုက်ပါ။ လည်ပတ်မှု့အဆင့်ရောက်မှ ဒါတွေကို ဝေဖန်ပါ။ မြို့ရဲ့ ၁၀၀%လောက်ဟာ ဒီလုပ်ရပ်ကို ဖြစ်မြောက်ဖို့ ဆုတောင်းတဲ့သူနဲ့ မဖြစ်စေချင်သူ ဘယ်သူများမယ်ထင်ပါသလဲ။ ကျွန်တော့် ခန့်မှန်းချက်အရ ၉၃% ကျောက်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ တကမ္ဘ္ဘာလုံးမှာ မီးအသုံးအများဆုံးနိုင်ငံက ဘယ်နိုင်ငံလဲ။ မီးဘာလို့သုံးနိုင်သလဲ။ ကိုပဲပြန်ဖြေပေးပါ့မယ်။ တရုတ်နိုင်ငံပါ။ ဘာလို့ တရုတ်နိုင်ငံဟာ မီးအများဆုံး သုံးနိုင်သလဲ။ အဓိကက ကျောက်မီးသွေးနှင့် လျှပ်စစ်ဓါတ်အားပေးတဲ့ စက်ရုံတွေများပြားလှတဲ့အတွက် တကမ္ဘ္ဘာလုံးက မယှဉ်ပြိုင်နိုင်လောက် အောင်အထိကို စက်မှု့လက်မှု့အပိုင်းမှာ ဈေးအချိုဆုံးနှင့်အဆင့်အမီဆုံး အဆင့်အနိမ့်အမြင့် စက်ရုံပေါင်းများစွာ လည်ပတ်နိုင်သွားတာပါ။ ပြီးတော့ စက်ရုံရဲ့အသံဘယ်လောက်ကျယ်သလဲ။ ဘယ်လိုနေရာမှာ တည်ဆောက်ထားသလဲ။ google earth ရှိသူများ ကြည့်တတ်သူများ ကြည့်နိုင်ပြီး ရှာဖတ်သူများရှိက ရှာဖတ်စေလိုပါတယ်။ ခုပြောနေတာ ဘယ်ဖက်ကိုမှ ထိခိုက်နစ်နာစေလိုစိတ်မရှိပါဘူး။ ကျွန်တော့်အမြင်တော့။ လုပ်ငန်းတစ်ခုဟာ အမြဲတမ်း တသက်တာလုံးလုပ်ကိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်အချိန်ဖယ်ပေးရမလဲ။ သူပေးနိုင်တဲ့ ဈေးနှုန်းထက် ချိုသာတဲ့သူက နည်းပညာနှင့်ပေါင်းပြီး သင့်တော်တဲ့ဈေးနှုန်းချပေးပြီး လူထု့အတွက် အနစ်နာခံပေးရင် ဖယ်ပေးရတတ်ပါတယ်။ ဒါဟာတကမ္ဘ္ဘာလုံးက စက်မှု့လက်မှု့တိုးတက်တဲ့နိုင်ငံတိုင်းဟာ ဖြစ်ပျက်နေတဲ့ တွေ့ကြုံနေတဲ့ အဖြစ်အပျက်ပါ။ made in china ဆိုတဲ့ တံဆိပ်တိုင်းကို လူတိုင်းနီးပါး တွေ့ဖူးမှာပါ။ နာမည်အကြီးဆုံး iphone, ipot, ipad, mac book, ထုတ်လုပ်နေတဲ့ အဓိက ပင်မစက်ရုံနှင့် apple product ကိုယ်ထည်တွေကို ထုတ်လုပ်ပေးနေတဲ့စက်ရုံတွေ ဘယ်မှာ ရှိသလဲ။ လျှပ်စစ်ဓါတ်အား များများသုံးနိုင်တဲ့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံမှာ မီးအားကြောင့် စက်ရုံတွေများလာတာ မဟုတ်ဘဲ။ နည်းပညာပိုင်းမြင့်မားပြီး။ စက်ရုံတစ်ရုံကို ၂၄ နာရီ ပတ်လုံးနီးပါး လည်ပတ်နိုင်ဖို့အတွက် တရုတ်နိုင်ငံသား လုပ်သားတွေ ရှိနေလို့ပါ။ တရုတ်နိုင်ငံသားတွေဟာ တစ်ခြားနိုင်ငံမှာ အောက်ခြေလူတန်းစား မလုပ်တတ်တာ ဘာ့ကြောင့်လဲ။ တစ်ခြားနိုင်ငံသားတွေကို ဘာလို့မခန့်သလဲ။ အဓိကက နိုင်ငံချစ်စိတ်ကြောင့်၊ လူမျိုးချစ်စိတ်ကြောင့်ပါ။ တစ်ခြားနိုင်ငံမှာ နည်းပညာပိုင်းလုပ်နေတဲ့တရုတ်တွေလဲ တစ်ချိန်မှာ တရုတ်ကို ပြန်ကြတာပါပဲ။ အဲ့တော့ မျက်စိဖွင့်၊ နားစွင့်ကြည့်လိုက်ပါ။ အခု ကော့သောင်းမှာ ပထမဦးဆုံး စတင် တည်ဆောက်တဲ့စက်ရုံရဲ့ mega watt ဟာ တရုတ်ရဲ့ တစ်သန်းပုံပုံရင် တစ်ပုံတောင် မရှိသေးပါဘူး။

၎။ မြန်မာနိုင်ငံကို ဒီနည်းပညာ ရောက်လာရင် အောင်မြင်စွာ လျှပ်စစ်ဓါတ်အားထုတ်ပေးနိုင်ရင် ကျွန်တော်တို့နိုင်ငံ ဘာတွေဖြစ်လာနိုင်လဲ။ မြန်မာနိုင်ငံတိုးတက်သွားနိုင်သလား၊ ဆုတ်ယုတ်သွားနိုင်သလား။ စဉ်းစားပါ။ အခုလျှပ်စစ်စက်ရုံကို တည်ဆောက်တဲ့သူဟာ ကော့သောင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတော့။ မြန်မာနိုင်ငံသားပါ။ စီးပွားရေးလုပ်ငန်းလုပ်ပြီး ကြီးပွားချင်ရင် သူ့မှာ တစ်ခြားနည်းလမ်းတွေ အများကြီးရှိပါလျှက်နဲ့ ဘာလို့ ဒီစက်ရုံကို တည်ဆောက်သလဲ။ သူ့ပိုက်ဆံသန်းနဲ့ချီပြီး ဒီစက်ရုံကို တည်ထောင်သလဲ။ တစ်ခြားနိုင်ငံသားဆိုရင်ထားပါ။ သူတစ်ခြားမြို့တွေမှာ သွားတည်ရင်ကော မဖြစ်ဘူးလား။ Result ကတော့ တစ်ခုတည်းပါ။ သူလည်းကော့သောင်းသားဖြစ်လို့ ကော့သောင်းမြို့ကြီးကို သံယောဇဉ်ရှိလို့၊ ကော့သောင်းကလူတွေကို တိုးတက်စေချင်လို့ လုပ်ဆောင်ပေးလိုက်တာပါ။ ဒါကို အတိုက်အခံလုပ်နေကြတဲ့သူတွေဟာ ဘာလို့လဲ။ ကို့စီးပွားရေးကြောင့်လား။ မတိုးတက်စေချင်လို့လား။ တကယ်တော့ ဒီလို အနစ်နာခံလုပ်ပေးတဲ့လူမျိုးကို လက်ကမ်းကြိုဆိုသင့်တာပါ။ မြန်မာပြည်အနှံ့ အဲ့လိုစက်ရုံတွေ ပိုပြီးများလာရင် ကျွန်တော်တို့အတွက် လူနေမှု့အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဒါတွေကို ထည့်စဉ်းစားပါ။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ထုတ်လုပ်အောင်မြင်သွားရင် အဲ့နည်းပညာကို သူကကော လက်ဆင့်ကမ်းမသွားဘူး တဲ့လား။ မြန်မာပြည်မှာကော ဒီနည်းပညာ မပြန့်ပွားသွားတော့ဘူးလား။ နိုင်ငံတစ်နိုင်ငံကို ရောက်လာတဲ့ နည်းပညာတိုင်းဟာ တိုးတက်သွားတာချည်းနီးပါးပါပဲ။ ခုအင်တာနက်ကို ကျွန်တော်တို့ ခင်ဗျားတို့ ဘာလို့သုံးနိုင်သလဲ။ အင်တာနက်ဆိုတာ ဘာလို့မြန်မာနိုင်ငံသားတွေ ရင်းနှီးလာသလဲ။ ရှေ့ကနေ အကုန်အကျခံပြီး။ နည်းပညာတွေ ပြည်တွင်းရောက်အောင် သယ်လာနိုင်ခဲ့လို့ ကျွန်တော်တို့တွေ ခုလိုအင်တာနက်ကို သုံးနိုင်လာတာပါ။ တကယ်လို့သာ ဒီနည်းပညာ မရောက်လာရင် ခုချိန်အထိ fax ထိုးတဲ့ခေတ်၊ လက်နှိပ်စက်ခေတ်ကနေ တိုးတက်လာမယ် မထင်ပါဘူး။ ခုဆိုရင် လူတော်တော်များများ ကွန်ပျူတာဆိုတာ သိလာပြီး။ နည်းပညာတွေ တိုးတက်လာတာ၊ ဒီပညာရပ်နဲ့ရပ်တည်လာနိုင်တာ ဘယ်သူတွေလာလုပ်သွားတာလဲ။ ဘယ်သူတွေက လာသင်ပေးနေတာလဲ။ ကိုယ့်နိုင်ငံသားအချင်းချင်း နည်းပညာတွေ လက်ဆင့်ကမ်းပြီး သင်တန်းတွေ ပေးနေကြလို့ဆိုတာ မမေ့ပါနဲ့။ အဲ့သင်တန်းတွေကကော ဘာကိုမှီခိုနေရသလဲ။ ပြန်စဉ်းစားဖို့တော့ လိုပါတယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။ တိုးတက်အောင်မြင်ဖို့ စတင်ဖြစ်ပေါ်လာတဲ့ ဒီလိုအခွင့်အရေးကို မကြိုဆိုပဲ လူမျိုးစုအများအတွက်မကြည့်ဘဲ။ လူနည်းစုအတွက်ပဲ ကြည့်နေရင်တော့ အဲ့လူနည်းစုပဲ ချမ်းသာသွားမှာပါ။ လူများစုအတွက် အကျိုးမရှိပါဘူး။

ကျွန်တော် ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နှင့်ပြောခြင်းမျိုးမဟုတ်ဘဲ တိုးတက်ဖို့ အဓိကကျတဲ့ လျှပ်စစ်ဓါတ်အားကို ဈေးချိုချိုနှင့် သုံးနိုင်အောင် အကောင်အထည်ဖော်ပေးတဲ့သူကို ကြိုဆိုလိုက်ကြပါ။ ခေတ်မီအမြင်နဲ့ကြည့်လိုက်ကြပါ။ ကော့သောင်းမြို့ဟာ မီးအားကိုတောင် ထိုင်းနိုင်ငံကနေ မျှသုံးဖို့အထိ ဖြစ်ခဲ့ရတဲ့မြို့ပါ။ ခုပြောနေတာ ကော့သောင်းတစ်မြို့တည်းအတွက် မဟုတ်ဘူးနော်။ ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ခုလုံးအတွက် စတင်လာတဲ့ မျိုးစေ့လေးတစ်စေ့ဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော့်အနေနှင့် ပြောပြမိတာ တစ်ခုပါ။


အားလုံးအမြင်မှန်ရပြီး အနာဂတ်အတွက် အကျိုးမျှော်ကိုးနိုင်ပါစေလို့ ဆုတောင်းရင်း မြန်မာနိုင်ငံ သားတွေ  အားလုံးကိုယ့်တိုင်းပြည်မှာ ပြန်လည်အလုပ်လုပ်နိုင်ပြီး ကိုယ့်တိုင်းပြည် ကောင်းကျိုးအမြန်ဆုံးပြုနိုင်ပါစေလို့ လည်းဆုတောင်းရင်း ............
စေတနာများစွာဖြင့်
ညီနေမင်း(နည်းပညာ)
http://www.nyinaymin.org/2012/08/blog-post_13.html

Sunday, August 12, 2012

ကော့သောင်းကျောက်မီးသွေးစက်ရုံအား Technology နှင့် ပတ်သက်တဲ့ ကျွန်တော့်အမြင်

ကော့သောင်းကျောက်မီးသွေးစက်ရုံအား Technology နှင့် ပတ်သက်တဲ့ ကျွန်တော့်အမြင်

ကျွန်တော် အခုအချိန်အထိ နည်းပညာနဲ့ ပတ်သက်ပြီးတော့ပဲ ရေးခဲ့တာ ချည်းပါပဲ။ လူမှု့ရေးခံစားချက်နဲ့ ပတ်သက်ပြီးတော့ မရေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အခု နည်းပညာနှင့် ဆက်စပ်ပြီး လူမှု့ရေးနှင့်ပတ်သက်နေတဲ့ အမြင်ကို ပြောပြချင်လို့ပါ။ ကျောက်မီးသွေးစက်ရုံတစ်ခုရဲ့ လည်ပတ်ပုံ နည်းစနစ်၊ ကောင်းကျိုးနှင့်ဆိုးကျိုး ဒါတွေကို ကွဲကွဲပြားပြားမသိဘဲနဲ့ သူများပြောတိုင်း လိုက်ခေါင်းညိတ်နေရင်တော့ ပုတ်သင်ညိုပဲ ဖြစ်သွားမှာပါ။ အကောင်းဆုံးဆိုတဲ့ အရာတစ်ခုရဲ့အောက်မှာ စွန့်လွှတ်အနစ်နာခံခဲ့ ရင်းခဲ့ရ ဒုက္ခခံခဲ့ရတာတော့ ရှိကြစမြဲပါ။ ဥပမာ အခုကော့သောင်းမှာ ကျောက်မီးသွေးနှင့်ပတ်သက်ပြီးတော့ သဘာဝဘေးပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေနှင့် ပတ်သက်ပြီးတော့ ပြောဆိုနေကြ တာတွေ၊ ဝေဖန်နေကြတာတွေကို ကြားသိနေရပါတယ်။ ဒီမိုကရက်တစ်ပါတီ ကနေ စပြီးလုပ်ခဲ့တာပါ။ ကျွန်တော်ဟာ နိုင်ငံရေးနဲ့ ပတ်သက်မှု့မရှိသလို နိုင်ငံရေးနှင့် ပတ်သက်ပြီးလည်းပဲ ကင်းရှင်းအောင်နေခဲ့ ပါတယ်။ လုပ်နေတဲ့သူတွေကိုလည်း မချီးကျူးသလို မကဲ့ရဲ့ ပါဘူး။ ကိုလုပ်နိုင်လို့လုပ်ကြတာပါ။ ကျွန်တော် ခုချိန်အထိ ဘယ်သူ့ရဲ့ ထောက်ပံ့ကြေးမှ မပါဝင်တဲ့ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်တံတားကိုဆောက်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ ထမင်းစားခဲ့တာပါ။ အင်းပြောရင်းနဲ့ ကို့အကြောင်းပါသွားခဲ့တဲ့အတွက် ဆောရီးပါ။ ပြောချင်တာက အခု ဆန္ဒပြမယ်ဆိုလို့ ဘာဖြစ်လို့ပါလိမ့်ပေါ့။ 
ကျွန်တော့်ကို လူတစ်ယောက် ဖုန်းဆက်ပါတယ်။ oversea call နဲ့ ဆက်တာပါ။ ၀ဘ်ဆိုက်မှာ ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ ကနေ စည်းရုံးနေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း အဲ့ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်ဖို့အတွက် ပို့စ်တင်ပေးဖို့ တောင်းဆိုပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တယ်ဆိုတာတွေပါ ပြောတာပေါ့။ အဲ့တော့ ကျွန်တော်ပြောတာဟာ ဘယ်သူ့ဖက်မှ မလိုက်သလိုဘဲ အလယ်တည့်တည့်ကနေ အမြင်ကိုပြောပြပါ့မယ်။ အခု လျှပ်စစ်ဓါတ်အား ထုတ်လွှင့်ဖို့ စက်ရုံတည်ဆောက်လိုက်တဲ့ နည်းပညာသည် အခုမှလား။ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ နည်းပညာပါ။ တိုးတက်နေတဲ့ အနောက်နိုင်ငံတွေ တော်တော်များများ ဥပမာ- အမေရိကန်၊ တရုတ်စတဲ့နိုင်ငံတွေမှာ ဟိုးအရင်အရင် စတင်ဖွံ့ဖြိုးတဲ့အချိန်အခါတုန်းက လျှပ်စစ်ဓါတ်အား အလုံအလောက် ရရှိစေဖို့ ကျောက်မီးသွေးတွေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခဲ့ရသလို၊ သင်္ဘောတွေမှာလည်း ကျောက်မီးသွေးနှင့် လည်ပတ်တဲ့ စက်တွေဖြင့် ခုတ်မောင်းခဲ့ရပါတယ်။ အခုမြန်မာပြည်ဟာ တိုးတက်ဖို့ တာစူနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ ကော့သောင်းမှာ မီတာခ တစ်ယူနစ်ကို မြန်မာကျပ်ငွေ (425 ကျပ်မှ 450 အထိ) ရှိတတ်ပါတယ်။ အဲ့တော့ မီးချောင်းတစ်ချောင်းတည်း ထွန်းတဲ့ လူတွေအတွက် ဒီမီတာခဟာ မသိသာပေမယ့်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူအတွက်တော့ အရမ်းကို သိသာပါတယ်။ ယူနစ် 100 ကို မြန်မာကျပ်ငွေ 45000 ကျပ်ပေးရပါတယ်။ ကျွန်တော် လစဉ်ပေးနေရတာသည် တစ်လကို တစ်သိန်းခွဲကျော် ပေးနေရပါတယ်။ ဒါစီးပွားရေးလုပ်ငန်းမဟုတ်သေးပါဘူး။ ကွန်ပျူတာ သင်တန်းတစ်ခုတည်း အတွက်ပါ။ အဲ့တော့ တကယ့် လျှပ်စစ်ကို အဓိကထား သုံးနေရတဲ့ စီးပွားရေးလုပ်ငန်းတွေ မှာဆိုရင် ဘယ်လိုလုပ်မလဲ။ ရတဲ့ငွေထက် မီတာခ ပေးရတာက ပိုများနေသလိုပါပဲ။ အဲ့ဒါကို ဒီမိုကရက်တစ်ပါတီ က ကန့်ကွက်တယ်ဆိုတာနဲ့ တစ်ချို့က ဘုမသိဘမသိနဲ့ လိုက်ပြီး လက်မှတ်ထိုးကြတာတွေ တွေ့နေရပါတယ်။ အဲ့ဒီ့ လက်မှတ်ထိုးတဲ့သူတွေကို မေးကြည့်ပါ။ စက်ရုံလည်ပတ်ပုံကနေ ဘေးထွက်ပစ္စည်းထွက်လာတဲ့အထိ အသေးစိတ်ကိုပေါ့။ ဘာမှ သိကြမှာ မဟုတ်ပါဘူး။ အဲ့တော့ ခေတ်မီတဲ့ အနောက်နိုင်ငံတွေမှာတောင် တိုးတက်ခါစတုန်းက ဒီနည်းပညာကို သုံးခဲ့ကြသေးတာပဲ။ အခု တစ်ယူနစ်ကို 200 ကျပ် နှင့်အောက် လောက်ပဲ ယူမယ်ဗျာ။ 200 ကျပ်ငွေပဲထား။ စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေအတွက် တစ်ဝက်ကျော်သက်သာသွားပြီ။ အဲ့လိုသက်သာမှလဲ။ တိုးတက်တဲ့ခေတ်မီစက်တွေနဲ့ လုပ်ငန်းတွေကို လုပ်နိုင်လာကြမှာပါ။ စက်မှု့လက်မှု့တိုးတက်ဖို့ လျှပ်စစ်မီးဟာ အဓိကပါပဲ။ အခုလို ကော့သောင်းမှာ ကျောက်မီးသွေးနှင့် လျှပ်စစ်မီးထုတ်လုပ်ဖို့ စက်ရုံကို သိန်းပေါင်းများစွာ အကုန်အကျခံပြီး မီးရရှိရေးအတွက် ကြိုးပမ်းမှု့ကို ကျွန်တော့်အနေနဲ့တော့ ကြိုဆိုပါတယ်။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ပဲ ဆက်ကြိုးစားစေချင်ပါတယ်။ ဒါမှသာ ကော့သောင်းမြို့ဟာ စီးပွားရေးနှင့် လူနေမှု့အဆင့်အတန်း မြင့်မားလာစေမှာပါ။ လူတိုင်းနီးပါး ရေခဲသေတ္တာသုံးနိုင်လာမယ်၊ အဲယားကွန်းတတ်နိုင်လာမယ်။ လျှပ်စစ်စက်ပစ္စည်းတွေကို သုံးနိုင်လာမယ်ဗျာ။ အဲ့တော့ ဒါဟာ ဖြစ်သင့်တယ်။ ဖြစ်ထိုက်တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ ယူဆပါတယ်။ ကျွန်တော့်ကို ကန့်ကွက်စာရေးပေးဖို့ ဖုန်းဆက်တဲ့ အစ်ကို့ကိုတော့ အားနာပါတယ်။ ကန့်ကွက်စာရေးခိုင်းလိုက်တာဟာ ကျွန်တော်ကို ဖြစ်သင့်တဲ့ အကြောင်းအရာတစ်ခုကို ရေးပေးဖို့အတွက် တွန်းအားပေးလိုက်သလိုပါပဲ။ အခုမီးအားပေးမည့် နည်းစနစ်သည် အခုမှ ကော့သောင်းမှာ စတင်လုပ်ဆောင်မှာ အကောင်အထည်ဖော်မည့် နည်းစနစ်အသစ်မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေ သုံးခဲ့ဖူးပြီးသား နည်းပညာပါ။ ဟုတ်မဟုတ် အင်တာနက်မှာ လိုက်ရှာလိုက်ပါ။ အခုဆိုရင် အဲယားကွန်းမပြောနဲ့ ပန်ကာတောင် အပတ်ရေမြန်မြန်လည်လာရင် ပြန်လျှော့လိုက်ရပါတယ်။ အအေးပတ်သွားမှာကြောက်လို့ မဟုတ်ပါဘူး။ မီတာခ သက်သာစေဖို့ပါ။ အဲ့လိုဖြစ်လာလေ လျှပ်စစ်နဲ့ပတ်သက်တဲ့ ပစ္စည်း အ၀တ်လျှော်စက်အပါအ၀င် ၀ယ်နိုင်ရဲ့သားနဲ့ မသုံးနိုင်ကြပါဘူး။ ဘာလို့လဲလို့ အဖြေရှာရင် ဘယ်လိုပဲ ပုံသေနည်းတွေနဲ့တွက်တွက် အဖြေဟာ မီတာခ ဈေးနှုန်းမြင့်မားလို့ပါ။ ကျွန်တော့်ကို ဖုန်းဆက်တဲ့ အစ်ကိုကိုလည်း ကျွန်တော်ပြန်ပြောဖြစ်ပါတယ်။ ဟုတ်ပြီ ကျွန်တော့်အနေနဲ့ ၀ဘ်ဆိုက်ကနေ ကန့်ကွက်လိုက်ပြီဆိုပါစို့။ အားလုံးက ကန့်ကွက်လို့ စက်ရုံပိတ်ခံရပြီ ဆိုပါစို့ဗျာ။ ခင်ဗျားအနေနဲ့ အခု အဲ့စက်ရုံကနေ ကောက်ခံမည့် တစ်ယူနစ်ကို 200 ဈေးနှုန်းနှင့်တူညီတဲ့ လျှပ်စစ်မီး အလုံအလောက်ကို ပေးနိုင်မလားလို့ ကျွန်တော်မေးပါတယ်။ သူကပြန်ဖြေပါတယ်။ အခုတော့ အကောင်အထည်မဖော်နိုင်သေးပေမယ့် နောက်တော့ အကောင်အထည်ဖော်ပေး မှာပါတဲ့။ နောက်ဆိုတာ တကယ်တော့ ကျောပဲရှိပါတယ်။ လက်ရှိ လျှပ်စစ်မီးပြဿနာနဲ့ ပတ်သက်ပြီးတော့ ရင်ဆိုင်နေရ တာတွေက ကော့သောင်းတစ်မြို့လုံးတင်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးပါ။ ရန်ကုန်မှာတောင် အ၀တ်လျှော်စက်သုံးနိုင်ပါသေးတယ်။ ကော့သောင်းမှာတော့ ၀ယ်နိုင်ရဲ့သားနဲ့ မသုံးနိုင်ကြဘူး။ အတော်စိတ်မကောင်းစရာပါ။ အခုလို လုပ်ပေးမယ့်သူပေါ်လာလို့ ၀မ်းသာမယ် ကြံသေးတယ်။ ကန့်ကွက်ဖို့အတွက် လိုက်ပြီး စည်းရုံးနေတဲ့ အဖွဲ့ကိုတော့ ကျွန်တော် တော်တော်လေး အံ့သြမိပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒီလောက်ပါပဲ။ နည်းပညာတိုးတက်လာဖို့ အဓိကဟာ လျှပ်စစ်မီး ဖြစ်သလို။ နည်းပညာ တိုးတက် လာတာနှင့်အမျှ ဘေးထွက်ဆိုးကြိုးတွေကို နည်းပါးအောင် နည်းပညာအကူအညီနဲ့ ပြန်ပြီး လုပ်ဆောင်သွားနိုင်ပါတယ်လို့လဲ အကြံဥာဏ်ပေး လိုက်ပါတယ်။ ကော့သောင်းမှာ ရှိတဲ့သူများ အားလုံး ဖြစ်သင့်တာနှင့် ဖြစ်ထိုက်တာကို ဝေဖန်နိုင်ပါစေ၊ ပိုင်းခြားနိုင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုလိုက် ပါတယ်။ အားလုံးပဲ သူများနိုင်ငံမှာ သုံးနေသလို လျှပ်စစ်မီးကို ပေါပေါသီသီ သုံးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

(ကျောက်မီးသွေးစက်ရုံရှိ မည်သူနှင့်မျှ မပတ်သက်သလို၊ သက်ဆိုင်မှု့လည်းမရှိပါ။ ဖြစ်သင့်တာကို ထောက်ပြခြင်းသက်သက်သာ ဖြစ်ပါတယ်)

(နောက်တစ်ခုကတော့ ၀န်ထမ်းခန့်အပ်တာမှာ ဘယ်သူနဲ့အမျိုးတော်လည်း၊ ဘယ်လိုပတ်သက်တာလည်း စသည်ဖြင့် လူမှု့ရေးနှင့်ပတ်သက်သည့် မေးခွန်းများကိုသာ အဓိကထားမေးတယ်လို့ သိရပါတယ်။ တကယ်ဖြစ်သင့်တာသည်။ ယခုလို လုပ်ငန်းမျိုးမှာ တကယ်တတ်ကျွမ်းသော လူငယ်များနှင့် စာရင်းဇယား ကျွမ်းကျင်စွာ ကွန်ပျူတာဖြင့် တွက်ချက်လုပ်ဆောင်နိုင်သည့် လူမျိုးကိုပဲ ဦးစားပေးခန့်အပ်ရမည့်အစား၊ လူမှု့ရေးနှင့် ပတ်သက်သူများ ကိုသာ ခန့်အပ်နေတာတွေဟာ အဲ့လို လျှပ်စစ်ထုတ်လုပ်ပေးမည့် စက်ရုံအတွက် အလွန်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပါ။ တကယ်တတ်ကျွမ်းတဲ့သူများ ကတော့ ဘေးရောက်ပြီး အမျိုးတွေက နေရာယူနေတာဟာ မဖြစ်သင့်ပါဘူး။ ရည်ရှည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ထိုခိုက်မှု့တွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့လို ၀န်ထမ်းခန့်အပ်တဲ့အခါမှာ နည်းပညာမေးခွန်းများအစား အမျိုးစပ်သည့် မေးခွန်းတွေမေးနေတာဟာ အတော်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲလို့လဲ ပြောချင်ပါတယ်။)


အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း

Thursday, August 9, 2012

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီရုံး ဖွင့်လှစ်ခြင်း

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီရုံး ဖွင့်လှစ်ခြင်း
၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၉)ရက် (ကြာသပတေးနေ့)တွင် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြိတ်တောင်ရပ်ကွက်နှင့် မြိတ်တောင်ကျေးရွာတို့တွင် ရပ်ကွက်/ကျေးရွာပြည်ခိုင်ဖြိုးပါတီရုံးခန်း  ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား ကျင်းပခဲ့ပါသည်။
မြိတ်တောင်ရပ်ကွက် ပါတီရုံးအား ဦးသန်းထွန်း၏နေအိမ်၌ မနက် (၈း၃၀) နာရီနှင့် မြိတ်တောင်ကျေးရွာ ပါတီရုံးအား ဦးကြည်ဝင်း၏နေအိမ်၌ မနက် (၉း၃၀)နာရီတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသူများမှာ ဒေါက်တာကျော်ဆန်း (လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)၊ ဦးသိန်းလွင် (သစ်တောသတ္တုဝန်ကြီး)နှင့် ဦးကိုကိုကြီး (မနအတွင်းရေးမှူး)တို့ဖြစ်ပြီး ဦးအေးအောင် (တနင်္သာရီတိုင်းဒသကြီး ပြည်ခိုင်ဖြိုးကော်မတီဝင်) မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ဦးဝင်းညွှန့် (စည်းမှူး-မြိတ်တောင်ရပ်ကွက်)နှင့် ဦးကြည်ဝင်း (စည်းမှူး-မြိတ်တောင်ကျေးရွာ) တို့မှ ဆိုင်းဘုတ်အား ကြိုးဆွဲဖွင့်လှစ်ပေးခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။ တက်ရောက်သော အင်အားမှာ (၄၀၀)ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။


♦ မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တနင်္သာရီမြို့နယ်အတွင်းရှိ ရေကြီးနှစ်မြှုပ် ရပ်ကွက်နှင့် ကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း♦


မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေတိုးလာသဖြင့် ပတ်ဝန်းကျင်ကျေးရွာတစ်ချို့တွင် ရေ၀င်ရောက်သောကြောင့် ရေလွှတ်ရာသို့ ပြောင်းရွှေ့နေရာချထားပေးသည့် အိမ်ထောင်စုများနှင့် ရေ၀င်ရောက်သော အိမ်ထောင်စုများကို မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၄ - ၈ - ၂၀၁၂) ရက်နေ့နှင့် (၅ - ၈ - ၂၀၁၂)ရက်နေ့တို့တွင် တနင်္သာရီမြို့နယ်အတွင်းရှိ ရေနစ်မြှုပ်သော ရက်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ သွားရောက်ပေးအပ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှာ မြေမအုံရွာ၊ ပျို့အိုင်ရွာ၊ ကျွဲထိန်းကွင်း၊ ညောင်ပင်ကွင်းအရှေ့၊ သာရဘွင်အုပ်စု၊ သိန္ဓောအုပ်စု၊ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ ပညာရေးမိသားစုနှင့် ပ၀အုပ်စုတို့ဖြစ်ကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပ၀ကျေးရွာအုပ်စု၊ ပ၀ရွာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဖွင့်လှစ်ခြင်း

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပ၀ကျေးရွာအုပ်စု၊ ပ၀ရွာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံး ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Monday, August 6, 2012

ဒီမိုကရေစီ အကျဉ်းချုပ်

ဒီမိုကရေစီ အကျဉ်းချူပ်... (မသိသေးသူများအတွက်)
" ဒီမိုကရေစီဆိုတာ ဘာလဲ "

ဒီမိုကရေစီရဲ့ဇစ်မြစ်ကို ပြန်လှန်ရရင်တော့ထုံးစံအတိုင်း ဂရိကနေစရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဆိုတာဂရိကနေဆင်းသက်လာတယ်လို့လက်ခံထားကြတာကိုး။ ဂရိဘာသာစကားမှာတော့ Demokratia ဆိုတာ Demo-အများပြည်သူ ၊Kratia- အုပ်ချူပ်ခြင်း လို့အဓိပ္ပါယ်ရပါတယ် ။ အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာကို ပြန့်သွားတော့ Demoncracy လို့ ဖြစ်သွားပါတယ် ။ ဒီတော့ Demoncracy ဆိုတာ အလွယ်တကူ ပြန်မယ်ဆိုရင်တော့ အများပြည်သူ အုပ်ချုပ်သော စနစ် လို့ အနက်ပြန်ရမှာဖြစ်ပြီး ၊ စာသံပေသံ နဲ့ပြောရမယ်ဆိုရင်တော့ Demoncracy ဆိုတာ  (အများပြည်သူဆိုင်ရာဖြင့် စီမံအုပ်ချုပ်ပြီး အများသဘောတူဆောင်ရွက်ကာ ပြည်သူအားလုံး ပါဝင်နိုင်သည့် အုပ်ချုပ်မှု့ စနစ် ) အဓိပ္ပါယ်ရပါတယ် ။ ဒီမိုကရေစီလိုလားသူများကိုတော့ Democrat ( ဒီမိုကရက် ) လို့ခေါ်ပါတယ်ခင်ဗျား ။
 
"ဒီမိုကရေစီအမျိုးမျိုး"

ကမ္ဘာတလွားမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ် အမြောက်အမြားရှိကြပါတယ်။ ထင်ရှားတဲ့ ဒီမိုကရေစီစနစ်တွေကတော့ Representative Demoncracy , Liberal Democracy, Semi- Demoncracy စသဖြင့်ရှိကြပါတယ်။
Representative Demoncracy ဆိုတာကတော့ ကိုယ်စားပြု ဒီမိုကရေစီလို့ အနက်ရပါတယ် ။ သူ့ရဲ့အနှစ်သာရကတော့ ပြည်သူတို့ရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ရာမှာ ရွေးချယ်ခံ ကိုယ်စားလှယ်များနဲ့ ဆောင်ရွက်တာပဲ ဖြစ်ပါတယ် ။ Liberal Democracy ကတော့ ရွေးချယ်ခံ အများစုက အုပ်ချူပ်ပြီး လူနည်းစုရဲ့ အခွင့်အရေးကိုလဲ မပစ်ပယ်ပဲ အလေးထားရတဲ့ ဒီမိုကရေစီစနစ်ဖြစ်ပါတယ် ။ Semi- Demoncracy ကတော့ အားလုံးရင်းနှီးနေကြတဲ့အတိုင်း တပိုင်းဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ ဒီထက်ပိုရင်းနှီးနေကြမှာဖြစ်တဲ့ ဒီမိုကရေစီစနစ်တမျိုးကတော့ Semi- Military Demoncracy - စစ်တပ်သဘော၊ အာဏာတချို့တ၀က်ပါဝင်တဲ့ဒီမိုကရေစီစနစ်ပါတဲ့ ။ နိုင်ငံတစ်နိုင်ငံမှာဒီမိုကရေစီစံနုန်း နဲ့ ဘယ်လောက်ကိုက်ညီလဲဆိုတာ Democracy Index လို့ခေါ်တဲ့ ဒီမိုကရေစီ အညွန်းကိန်းတွေနဲ့တိုင်းတာ အမှတ်ပေးလေ့ ရှိကြပါတယ် ။

"ဒီမိုကရေစီ  နဲ့ ဗျူရိုကရေစီ"

ဒီမိုကရေစီစနစ်ရဲ့ ယှဉ်ပြိုင်ဘက်ဟာ ဟိုးအရင်ကဆိုရင် Communist-ကွန်မြူနစ်စနစ် ဖြစ်ပေမယ့် အခုတော့ ပြိုင်ဘက်အစစ်ဟာ Bureaucray - ဗျူရိုကရေစီစနစ်ဖြစ်လာနေပါပြီ ။ ဗျူရိုကရေစီဟာ ရာထူးကြီးပုဂ္ဂိုလ်မျးက လက်ဝါးကြီးအုပ်တဲ့ စနစ်ဖြစ်ပါတယ် ။ ဒါကြောင့်လဲ အာဏာ အသုံးချပြီး လက်ဝါးကြီးအုပ်တဲ့ အရာရှိတွေကို ဗျုရိုကရက်လို့ခေါ်ကြတာဖြစ်ပါတယ်။ အဲ့ဒီဗျူရိုကရေစီစနစ်ဟာ De facto government လို့ခေါ်တဲ့ အုပ်ချုပ်နေလို့သာ အသိအမှတ်ပြုထားရတဲ့ အစိုးရတွေမှာ ရှင်သန်ကြီးထွားရုံသာမကပဲ ၊ De jure government လို့ခေါ်တဲ့ ဥပဒေနဲ့အညီ တင်မြောက်ထားတဲ့ အစိုးရတွေမှာလည်းနွယ်ပင်လို့ လိမ်ပတ်ပြီးရှင်သန်နိုင်ပါတယ် ။

"ဒီမိုကရေစီအစိုးရများ"

ဒီမိုကရေစီအမျိုးမျိုးရှိသလို ဒီမိုကရေစီ အစိုးရလဲ အမျိုးမျိုးကွဲပြားပါတယ် ။ Cabinet government လို့ခေါ်တဲ့ ၀န်ကြီးချူပ်နဲ့ ၀န်ကြီးအဖွဲ့က ကြိုးကိုင်တဲ့အစိုးရရှိသလို ၊ Republican government လို့ခေါ်တဲ့ သမ္မတဦးဆောင်တဲ့ အစိုးရတွေလဲရှိပါတယ်။ မြင်လွယ်အောင် ပြရရင် အမေရိကန်ပြည်ထောင်စုဟာ Republican governmentဖြစ်ပြီး ၊ အင်္ဂလန်နိုင်ငံကတော့ Cabinet government လို့ပြောရမှာဖြစ်ပါတယ် ။ ဒါပေမယ့် နှစ်မျိုးစလုံးဟာ Derived from the people လို့ခေါ်တဲ့ ပြည်သူတို့ထံမှ ဆင်းသက်တဲ့ ဒီမိုကရေစီစနစ်ကို အခြေခံပြီးကျင့်သုံးကြပါတယ် ။ ဒါပေမယ့် ပြည်သူတို့ထံမှ ဆင်းသက်တဲ့ ဒီမိုကရေစီစနစ် မလွန်ဆန်နိုင်တာကတော့ supremacy of constitution လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးစိုးမှု့ပဲ ဖြစ်ပါတယ်ခင်ဗျား ။

http://naingminoo.multiply.com/journal/item/156/156

Saturday, August 4, 2012

♦♣♦ မြိတ်မြို့မှာ ပြည်သူတွေကို ပေးတဲ့ အိပ်မက်တွေ ♦♣♦

♦♣♦ မြိတ်မြို့မှာ ပြည်သူတွေကို ပေးတဲ့ အိပ်မက်တွေ ♦♣♦
အခုဆိုရင် ဖုန်းတွေကို တန်ဖိုးနည်းသထက်နည်းအောင် သုံးစွဲခွင့်ပြုခဲ့တဲ့အတွက် (ဒီထက်နည်းဖို့လည်း မျှော်လင့်နေပါတယ်) လူတော်တော်များများဟာ သုံးစွဲနိုင်ခဲ့ကြပါတယ် ပြီးတော့ ဖုန်းတွေမှာ အင်တာနက်လိုင်းတွေပါ သုံးစွဲခွင့်ရတော့ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ နည်းပညာပိုင်းဆိုင်ရာရော သတင်းအချက်အလက်နှင့် ဆက်သွယ်မှုပိုင်းဆိုင်ရာတွေမှာပါ ဖွံ့ဖြိုးတိုးတက်လာပါတယ် (ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကောင်းဖို့လည်း မျှော်လင့်ပါတယ်)၊ နည်းပညာပိုင်းဆိုင်ရာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ လေ့လာလိုက်စားမှုတွေလည်း များပြားလာပါတယ်.. အဲလိုလေ့လာလိုက်စားမှုအတွက် လျှပ်စစ်ဟာ အင်မတိ အင်မတန်ကို အရေးကြီးပါတယ်.. လျှပ်စစ်မီးသာ မှန်နေမယ်၊ မီတာခတွေ ဈေးသက်သာနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်အဟုန် ပိုမိုမြင့်မားလာမယ် မြို့/ရွာတွေဟာလည်း ဖွံ့ဖြိုးလှပလာပါမယ်.. (မှောင်ရိပ်ခိုမှုဆိုတာဟာလည်း နည်းသွားမယ်ပေါ့).. အခုဟာက လူတွေလေ့လာချင်သလို လေ့လာဖို့အတွက် မီတာခတွေက အရမ်းကြီးနေတော့ ကမ္ဘာနဲ့ယှဉ်ပြီးမကြည့်နဲ့ ကိုယ့်နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးမှုကိုတောင် လိုက်လို့မမှီ ဖြစ်နေတယ် အခု ကျနော်တို့မြိတ်မှာ မီတာခက တစ်ယူနစ်ကို ၄၅၀ ကျပ်နဲ့အထက်ဆိုတော့ ပိုလို့တောင်ဆိုးသေးတယ်.. မီတာခသာဈေးများတာ မီးက အားလည်းမပြည့်၊ ညိမ်လည်းမညိမ်ဆိုတော့ ပြည်သူတွေရဲ့ ရှိစုမဲ့စုလျှပ်စစ်ပစ္စည်းတွေပါ ကြွကုန်တယ် ဆုံးရှုံးမှုတွေ တော်တော်ကို များတယ် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ကွန်ပျူတာတို့ နည်းပညာပိုင်းဆိုင်ရာတို့ကို လေ့လာဖို့အတွက် တော်တော်ကြီးကို ဝေးနေပါတယ်.. အနာဂတ်အတွက် တော်တော်ကို ရင်လေးစရာပါ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလမှာတော့ မြိတ်မြို့မှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေ သူ့တို့မဲနိုင်ဖို့အတွက် ပြည်သူတွေကို မက်လုံးတွေပေးလိုက်ကြတာ (ဒီအချိန်တုန်းကတော့ သူတို့ပြောတာကို နည်းနည်းတော့ မျှော်လင့်မိတာပေါ့).. အဲ ယုဇန ဦးဌေးမြင့်ကတော့ မီတာခ တစ်ယူနစ်ကို ၂၀၀ ကျပ်နဲ့ ရွေးကောက်ပွဲမတိုင်မှီ တစ်လလောက်က လုပ်ပေးတယ်ဆိုတော့ ဟုတ်လှပြီလို့ထင်နေတာ.. မဲများနိုင်ရင် ဒီထက်တောင် ကျသွားအုံးမလားပေါ့ ဒီအချိန်က မြိတ်မှာ လျှပ်စစ်မီးတွေ ထိန်လို့ နောက်လကျတော့ အရင်ထက်တောင် ပြန်တက်သွားသေးတယ်... မဲနိုင်ဖို့အတွက် လမ်းခင်းပေးမယ့်ပုံစံနဲ့ လမ်းတွေကို လိုက်ကြည့်လိုက်ကြတာ ဘယ်ကလာ သူတို့ မဲရှုံးနိုင်တဲ့နယ်မြေတွေ၊ ရပ်ကွက်တွေမှာလောက်ပဲ တစ်လမ်းလောက် ခင်းပေးသွားကြတယ်.. စည်းရုံးရေးတွေဆင်းပြီးတော့ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ် အိပ်မက်ပေးသွားကြတာ.. မဲလဲနိုင်ရော ပေါ်ကိုမလာတော့ဘူး ရဟန်းသံဃာ၊ ပြည်သူတွေကို လိမ်ထားတာ တော်တော်ကိုများတာကိုး  မြိတ်ကို သူ့ထက်ကြီးတဲ့ လူကြီးလာရင်တော့ တစ်ခါတစ်လေ ပါတယ်လို့တော့ ကြားတာပဲ လူကြီးနောက်လိုက်ပြီး ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ပေါ့.. လိမ်တဲ့အကျင့်က ပါနေတာကိုး အလိမ်ကြီးတဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ငလိမ်ကြီး ဦးခင်ဇော် (ဗိုလ်ချုပ်ခင်ဇော်)တော့ လိမ်တဲ့အကျိုး၊ ခေါင်းပုံဖြတ်တဲ့အကျိုး၊ ပြည်သူတွေရဲ့ မေတ္တာ စူးပြီးတော့ လားသွားတယ်
ကြားဖြတ်ရွေးကောက်ပွဲအချိန်တုန်းက မြိတ်မြို့မှာတော့ ရွေးကောက်ပွဲမရှိဘူး ဒါပေမယ့် မြိတ်ခရိုင်အတွင်းမှာပါတဲ့ ကျွန်းစုမြို့နယ်မှာတော့ ရှိတယ်.. ပြည်ခိုင်ဖြိုးပါတီက ဦးချစ်သန်းနဲ့ NLD ပါတီက ဒေါ်တင်တင်ရီတို့ အရွေးချယ်ခံကြတယ်.. ဒီတုန်းက  ဦးချစ်သန်းကတော့ ကျွန်းစုမြို့နယ်အတွက် အိပ်မက်လည်းပေး၊ လုပ်သင့်သလောက်လည်း  လုပ်ပေးသွားပါတယ် မဲနိုင်ဖို့ စည်းရုံးရေးဆင်းတာလေ NLD မဲနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က မြိတ်မြို့ကိုဆင်းလာပြီး စည်းရုံးရေးဆင်းသွားတယ် ဒီတုန်းကအခြေအနေကိုလည်း မြိတ်သူမြိတ်သားတွေ သိတဲ့အတိုင်းပဲ.. အနီတွေကို ပလူပျံလို့.. စည်သာရာ လိုက်ကလိုက်ကြတာ ဒီတော့ NLD တွေ ပိုလို့ ကြွတာပေါ့ ဒီတုန်းကလည်း ပြဿနာတွေ စုံလို့ပဲ.. ဒီတော့ NLD က ဒေါ်တင်တင်ရီက  အခုပဲ ကျွန်းစုမြို့က နေပြည်တော်လို ဖွံ့ဖြိုးတိုးတက်သွားမယ့် ပုံစံမျိုးနဲ့..  ပြီးတော့ ငါးဖမ်းစက်လှေတွေ သူ့ခွင့်ပြုချက်နဲ့ဆို အကုန်အဆင်ပြေမယ့် ပုံစံမျိုးနဲ့ အိပ်မက်တွေပေးပြီးတော့ ဘာမှကို မလုပ်ပေးဘူး.. သူများတွေကို အချွန်နဲ့မတာတွေပဲ လုပ်တယ်.. NLD က ပါတီဝင်တွေက သူတို့ဟာသူတို့ ဘာမှတ်နေလည်းတော့ မသိဘူး.. ပြည်သူတွေကို လေးစားမှုမရှိဘူး (ကျနော်တော့ ဟိုဟာပဲ မှတ်တယ်..)၊ ကျွန်းစုမြို့နယ်က အချို့ပြည်သူတွေဆို NLD ကို ဒေါ်အောင်ဆန်းစုကြည်ပဲသိတာများတယ် ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲကျမှာ NLD က ဒေါ်တင်တင်ရီနိုင်သွားတယ်.. NLD နိုင်တာ တစ်နိုင်ငံလုံးနီးပါးပါပဲ ဒါပေမယ့် မဲသွားနိုင်သွားတယ်.. ကျွန်းစုမြို့မှာ ဒေါ်တင်တင်ရီက အိပ်မက်တွေပေးပြီး အခုထိ လိမ်လို့ကောင်းနေတုန်း ပြဿနာတော့ မီးခွက်ထွန်းပြီးကို ရှာတယ် ပါတီဝင်တွေဆီမှာရော ပြည်သူတွေဆီမှာပါ ပိုက်ဆံကိုတော့ ပုံစံအမျိုးမျိုးနဲ့ ကောက်တယ် ကြားမဲတုန်းက စာရင်းတွေလည်း အခုထိ ပျောက်နေတုန်း  ဦးချစ်သန်းကတော့ မဲမနိုင်လည်း သူပေးထားတဲ့ အိပ်မက်တွေကို အခုထိ အကောင်အထည် ဖေါ်နေတုန်းပဲ..
ဒါကြောင့် ကျနော်တို့ မြိတ်မြို့မှာလည်း အိပ်မက်တွေပေးပြီး လိမ်တဲ့ ဦးဌေးမြင့် မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်တဲ့သူတွေကို မျှော်လင့်ပါတယ် မြိတ်မြို့မှာ လမ်းတွေကောင်းပြီး မီတာခတွေ သက်သာပါစေလို့.. (အိပ်မက်တွေ မက်နေတုန်း)
http://tanintharyinews.blogspot.com/

Wednesday, August 1, 2012

NLD ပါတီနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု ဖြစ်စဉ်များ


NLD ပါတီ သုံးသပ် ပြုလုပ် ဆောင်ရွက်ပေးစေချင်
(ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု)

သုံးသပ်ရန် ဖြစ်စဉ် (၁)
          ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၇)ရက်နေ့၊ (၁၉း၀၀)နာရီအချိန်ခန့်တွင် ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ကံမော်ကျေးရွာတွင် NLD ပါတီ၏ ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သော ဦးထွန်းဗို သည် ၄င်း၏နောက်လိုက်တစ်ချို့နှင့်အတူ ကံမော်ရွာတောင်ထိပ်ပိုင်းရပ်ကွက်နှင့် ဘုရားတောင်ပိုင်းဖက်များတွင် တစ်အိမ်တက်ဆင်း၍ လျှို့ဝှက်စွာဖြင့် လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း၊ ထိုကဲ့သို့ လက်မှတ်ထိုးခိုင်းနေခြင်းအကြောင်းအရင်းကို သိရှိသူများရှိသလို မသိဘဲနှင့် လက်မှတ်ထိုးလိုက်ရသူများနှင့် ထိုးပြီးနောက်မှသိရှိရ၍ လက်မခံသောသူများလည်းရှိကြောင်းကို သိရှိရပါသည်။ ဦးထွန်းဗို လက်မှတ်ထိုးခိုင်းနေသော အကြောင်းမှာ ကံမော်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် (ခ) ဦးဘာဘူအား တိုင်ကြားရန်ဖြစ်သည်ဟု သိရှိရပြီး ၄င်းဦးထွန်းဗိုသည် (၂၈၊ ၇၊ ၂၀၁၂) ရက်နေ့တွင် အဆိုပါလက်မှတ်များကို ယူဆောင်၍ မြိတ်မြို့သို့တက်လာကြောင်းများကို သိရှိရပါသည်။

သုံးသပ်ရန် ဖြစ်စဉ် (၂)

          ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၏ NLD ပါတီဝင်တစ်ဦးဖြစ်သော ဦးအိုကြီးဆိုသူသည် ယခုလက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်လို၍ ကံမော်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ကော်မတီဝင် ဦးဇော်ဝင်းနှင့်အတူ ရပ်ရေးရွာရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်နေ လျှက်ရှိရာ NLD ပါတီ၏ လူကြီးပိုင်း (၃)ဦးမှ ဦးအိုကြီးကို ၄င်းတို့၏ရုံးသို့ခေါ်ယူ၍ ပြည်ခိုင်ဖြိုးပါတီသို့ ဘာကြောင့်ဝင်ရသလဲဟုမေးမြန်းရာ ဦးအိုကြီးမှ NLD ပါတီတွင် အစစအရာရာ ငွေကြေးကုန်ကျနေကြောင်း၊ ပြည်ခိုင်ဖြိုးပါတီတွင် ငွေကြေးကုန်ကျမှုမရှိသည့်အပြင် ကုသိုလ်ရသည့် လုပ်ငန်းများကို လုပ်ကိုင်နေသဖြင့် စိတ်ဝင်စား၍ ၀င်ရောက်ခဲ့ကြောင်းကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရှိရပါသည်။

သုံးသပ်ရန် ဖြစ်စဉ် (၃)

          ၂၁၁၂ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ (၂၀း၃၀) နာရီအချိန်ခန့်တွင် ကံမော်ကျေးရွာ NLD ပါတီခေါင်းေ်ဆာင်ပိုင်းတစ်ဦးဖြစ်သော ဦးစန်းမောင်သည် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးဇော်ဝင်း ထံသို့ လာရောက်၍ ရပ်ရေး/ရွာရေးလုပ်ငန်းများတွင် မိမိတို့သည်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် အတူ လက်တွဲလုပ်ကိုင်လို၍ လာရောက်ကမ်းလှမ်းကြောင်းများကို သိရှိရပါသည်။

♦ ♦ ♦  ပုဂ္ဂိုလ်ရေး ထိခိုက်လိုစေချင်းဖြင့် ရေးသားခြင်းမဟုတ်ပါ ♦ ♦ ♦

မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခြင်း


၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈)ရက် (ဒုတိယ၀ါဆိုလဆန်း ၁၄ ရက်)၊ ဗုဒ္ဓဟူးနေ့ နံနက် (၅) နာရီအချိန်တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ၀ါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် မြိတ်မြို့နယ်၊ ရက်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ၄င်းအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မနက် (၈) နာရီအချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။





(သတင်းမှတ်တမ်းပေးပို့သော mr.outbrave@gmail.com အား ကျေးဇူးတင်ရှိပါသည်)

(၆၅) နှစ်မြောက် အာဇာနည်နေ့တွင် မြိတ်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ သွေးလှူဒါန်းခြင်း


၂၀၁၂ ခုနှစ်၊ ဇူလှိုင်လ ၊ ၇ ရက်နေ့၊ မနက် (၈း၀၀)နာရီအချိန်တွင် မြိတ်မြို့နယ် အထွေထွေ ရောဂါကု ဆေးရုံးသစ်ကြီး၌ မြိတ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၆၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သွေးလှူဒါန်းသည့်အဖွဲ့ကိုဖွဲ့စည်း၍ လူနာများအတွက် လိုအပ်သည့်သွေးများကို လှူဒါန်းပေးလျှက်ရှိကြောင်းကိုလည်း သိရှိရပါသည်။
(သတင်းနှင့် မှတ်တမ်းဓါတ်ပုံပေးပို့သော သူငယ်ချင်း mr.outbrave@gmail.com အား ကျေးဇူးတင်ရှိပါသည်။)