Tuesday, March 27, 2012

အန်တီစု မြိတ်မြို့ခရီးစဉ် အဆင်မပြေမှုများ၏ သုံးသပ်မှု ကောက်နုတ်ချက်များမှ


မပြောမပြီး မတီးမမြည် ဆိုသလို ကျွန်တော့်မှာ အန်တီစုရဲ့ မြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောစရာ၊ တင်ပြစရာများရှိလို့ လာပြန်ပါပြီ။ (၂၄၊ ၂၅)ရက်၊ မတ်လအတွင်း အန်တီစု မြိတ်ကျွန်းစု ခရီးစဉ်အတွက် ရှပ်ပြေးအမြန်ယာဉ်များ ငှားရမ်းမရလို့ အင်တာနက်ပေါ်မှာ တော်တော်ပွသွားပါတယ်။ အမှန်တကယ်တော့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းခရီးစဉ်များအတွက် အမြန်ယာဉ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီ (၃)ခုရှိပါတယ်။ အန်တီစုခရီးစဉ်မတိုင်မှီ ကြိုတင်စီစဉ်ရန် ဒေါက်တာတင်မျိုးဝင်း၊ ဦးခွန်သာမြင့်တို့ ဦးဆောင်ပြီး ကြိုတင်စီစဉ်မှုတွေ ဆောင်ရွက်ကြပါတယ်။ အမြန်ယာဉ်ငှားရန်တာဝန်ကိုတော့ ယခင် ကျောင်းသားတပ်မတော်မှ ဦးဝင်းနိုင် (စစ်အစိုးရခေတ်တွင် အကြွင်းမဲ့လက်နက်ချအလင်းဝင်) ယခု NLD ပါတီဝင်မှ ဦးဆောင်ဦးရွက်ပြုရန် စီစဉ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ အထက်ပါ အမြန်ယာဉ်ကုမ္ပဏီ (၃)ခုအပြင် တခြားတခြားသော အမြန်ယာဉ်များလည်း ရှိပါတယ်။ သို့ပေမယ့် ဦးဝင်းနိုင်ရဲ့ စည်းရုံးရေးညံ့ဖျင်းမှု၊ မောက်မာ ရိုင်းပြစွာဆက်ဆံမှု၊ စစ်အစိုးရခေတ် ကျောင်းသားတပ်မတော်တွင် လုပ်ကိုင်စဉ်က သောင်းကျန်းသူတောတွင်း စိတ်ဓာတ်နှင့် အများပြည်သူများအား နိုင်လိုမင်းထက်ပြုမူဆက်ဆံသောအကျင့်များ မဖျောက်ဖျက်နိုင်ခြင်းတို့ကြောင့် အမြန်ယာဉ်ပိုင်ရှင်များ၊ တခြားသော အမြန်ယာဉ်ပိုင်ရှင်များအား အောင်မြင်စွာ စည်းရုံးနိုင်ခြင်းမရှိခဲ့ပါ။
တခြားသော ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ် NLD ပါတီဝင်များ၏ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းလမ်းများ၊ စီမံ ကွပ်ကဲမှုညံ့ဖျင်းခြင်းများ၊ NLD တံဆိပ်ပါ အင်္ကျီ၊ အလံများ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီများ၊ အန်တီစု ဓါတ်ပုံ၊ ပိုစတာများရောင်းချနိုင်ရေးအတွက်သာ အာရုံစိုက်ခြင်းစသော အချက်များကြောင့် အန်တီစု မြိတ်ကျွန်းစုခရီးစဉ်မှာ များစွာကမောက်ကမ ဖြစ်ခဲ့ရပါတယ်။ တံဆိပ်၊ အလံ၊ အင်္ကျီများရောင်းချရန် တာဝန်ယူထားသော ကန်ထရိုက်နှင့် တပိုင်တနိုင်မိသားစုစားဝတ်နေရေးအတွက် ရောင်းချနေသောသူများနှင့်လည်း မချေမငံ ပြဿနာများဖြစ်ခဲ့ရပါတယ်။ မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စခန်းသစ်၊ ကံမော်သို့သွားရန် အချိန်မလုံလောက်သည်ကို ပင်လယ်သားများဖြစ်ကြသည့် ဦးဝင်းနိုင် (ယခင်ကျောင်းသားတပ်မတော်)၊ ဦးဝင်းနိုင် (ကန်ထရိုက်)စသော NLD မှ ဦးဆောင်စီစဉ်သူများ သိရှိသော်လည်း အန်တီစုကို ပြစားသလိုစီစဉ် ဆောင်ရွက်ခဲ့ကြပါတယ်။ ၄င်းအပြင် အန်တီစု စီးနှင်းလိုက်ပါလာသော ရေယာဉ်တွင် ကျွမ်းကျင်လိမ္မာသော ပဲ့နှင်းအား ပဲ့မကိုင်စေဘဲ ပိုင်ရှင်ကိုယ်တိုင် မျက်နှာလိုမျက်နှာရ ၀င်ရောက်မောင်းနှင်ခြင်းကြောင့် အန်တီစုခမျာ ပင်ပန်းနွမ်းနယ်နေသည့်ကြားမှ ပင်လယ်ပြင်တွင် နှစ်နာရီခန့် သောင်တင်နေခဲ့ရပါတယ်။ ထိုသောင်မှ လွတ်ပြီး နောက်တနေရာတွင်လည်း တခါထပ်၍သောင်တင်ခဲ့ရပါတယ်။ ၄င်းအပြင် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် အန်တီစုနံဘေးမှ အမြဲတမ်းလိုက်ပါစောင့်ရှောက်ပေမယ့် ဒီတစ်ခါတော့ အန်တီစုခမျာ ၀မ်းသွားခဲ့ရ ပါသည်။ ပင်လယ်စာဆိုတာ စားနေကျမဟုတ်ရင် အလွန်အင်မတန်ဒုက္ခပေးတတ်ပါသည်။ နဂိုကမှ အားနည်းပြီး လေယာဉ်၊ ကားမူးတတ်တဲ့ အန်တီစုဟာ NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ ၀ိုင်းဝန်းပို့သမှုကြောင့် မြိတ်ကျွန်းစုမဲဆွယ်ခရီးစဉ်ဟာ အလွန်အင်မတန် အကျည်း တန်ရုပ်ဆိုးလွန်းခဲ့ရပါသည်။ အထက်ပါ အချက်အလက်များသည် NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ စီမံမှုညံ့ဖျင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ရန်စောင်နေခြင်း၊ စစ်အစိုးရအပြုအမူထက်ဆိုးပြီး ပြည်သူလူထုအပေါ် မောက်မာရိုင်းပျစွာဆက်ဆံခြင်း၊ ဒေသခံပြည်သူလူထုကို စည်းရုံးနိုင်စွမ်းမရှိခြင်း စသော အချက်များကြောင့်ပေလား၊ အန်တီစုအပေါ် တမင်တကာ လုပ်ကြံမှုပေလားလို့ တော့ ဒွိဟဖြစ်စရာများ၊ မေးခွန်းမေးစရာများ အများအပြားကျန်ရစ်ခဲ့ရပါပြီ။ ပင်လယ်သားများသည် ရေလမ်းကြောင်း ကျွမ်းကျင်သူများဖြစ်ပါလျက် ကျွန်းစုဘက်မှပတ်၍သွားပါက သောင်လွတ်ပါလျက်နဲ့ သောင်တင်အောင်မောင်းခြင်း၊ အချိန်နှင့်အကွာအဝေးကို မတွက်တတ်ခြင်း၊ မြိတ် NLD များ တစ်ဦးနှင့်တစ်ဦး ညီညွှတ်မှုမရှိဘဲ အစွမ်းပြနေခြင်း၊ တံဆိပ်၊ အလံ၊ နဖူးစည်းနှင့် စတေကာများရောင်းချ၍ ရန်ပုံငွေရှာရန်ကိုသာ အလေးထားနေကြခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ခံနိုင်ရည်ကို ထည့်မတွက်ပဲ နိုင်ငံရေးတရားဟောပြောရန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ပြစားရန် ဦးစားပေးဆောင်ရွက်ကြခြင်း၊ ကံကောင်း၍ ကျောက်ပုံများဝင်မတိုက်သဖြင့် အသက်ဘေးမှ လွတ်ခဲ့ရပါတယ်။
ဒါကြောင့် အန်တီစုပြောသလို မြိတ်ကျွန်းစု မဲဆွယ်ခရီးစဉ် မအောင်မြင်ရခြင်းဟာ အမြန်ရေယာဉ် (ရှပ်ပြေး) ငှားရမ်း၍ မရခြင်းကြောင့်ဘဲ့လား၊ NLD မြိတ်၊ ကျွန်းစုအဖွဲ့ဝင်များ၏ လက်ချက်များကြောင့်ပဲလားဆိုတာ အန်တီစု အပါအ၀င် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားအပေါင်း နားလည်ရန်တော့ လိုအပ်ပါသည်။ ဒါကြောင့် အန်တီစုလည်း အမှန်ကို မဖုံးကွယ်ဘဲ မိမိပါတီဝင်များ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ဆောင် ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။