Monday, August 6, 2012

ဒီမိုကရေစီ အကျဉ်းချုပ်

ဒီမိုကရေစီ အကျဉ်းချူပ်... (မသိသေးသူများအတွက်)
" ဒီမိုကရေစီဆိုတာ ဘာလဲ "

ဒီမိုကရေစီရဲ့ဇစ်မြစ်ကို ပြန်လှန်ရရင်တော့ထုံးစံအတိုင်း ဂရိကနေစရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဆိုတာဂရိကနေဆင်းသက်လာတယ်လို့လက်ခံထားကြတာကိုး။ ဂရိဘာသာစကားမှာတော့ Demokratia ဆိုတာ Demo-အများပြည်သူ ၊Kratia- အုပ်ချူပ်ခြင်း လို့အဓိပ္ပါယ်ရပါတယ် ။ အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာကို ပြန့်သွားတော့ Demoncracy လို့ ဖြစ်သွားပါတယ် ။ ဒီတော့ Demoncracy ဆိုတာ အလွယ်တကူ ပြန်မယ်ဆိုရင်တော့ အများပြည်သူ အုပ်ချုပ်သော စနစ် လို့ အနက်ပြန်ရမှာဖြစ်ပြီး ၊ စာသံပေသံ နဲ့ပြောရမယ်ဆိုရင်တော့ Demoncracy ဆိုတာ  (အများပြည်သူဆိုင်ရာဖြင့် စီမံအုပ်ချုပ်ပြီး အများသဘောတူဆောင်ရွက်ကာ ပြည်သူအားလုံး ပါဝင်နိုင်သည့် အုပ်ချုပ်မှု့ စနစ် ) အဓိပ္ပါယ်ရပါတယ် ။ ဒီမိုကရေစီလိုလားသူများကိုတော့ Democrat ( ဒီမိုကရက် ) လို့ခေါ်ပါတယ်ခင်ဗျား ။
 
"ဒီမိုကရေစီအမျိုးမျိုး"

ကမ္ဘာတလွားမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ် အမြောက်အမြားရှိကြပါတယ်။ ထင်ရှားတဲ့ ဒီမိုကရေစီစနစ်တွေကတော့ Representative Demoncracy , Liberal Democracy, Semi- Demoncracy စသဖြင့်ရှိကြပါတယ်။
Representative Demoncracy ဆိုတာကတော့ ကိုယ်စားပြု ဒီမိုကရေစီလို့ အနက်ရပါတယ် ။ သူ့ရဲ့အနှစ်သာရကတော့ ပြည်သူတို့ရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ရာမှာ ရွေးချယ်ခံ ကိုယ်စားလှယ်များနဲ့ ဆောင်ရွက်တာပဲ ဖြစ်ပါတယ် ။ Liberal Democracy ကတော့ ရွေးချယ်ခံ အများစုက အုပ်ချူပ်ပြီး လူနည်းစုရဲ့ အခွင့်အရေးကိုလဲ မပစ်ပယ်ပဲ အလေးထားရတဲ့ ဒီမိုကရေစီစနစ်ဖြစ်ပါတယ် ။ Semi- Demoncracy ကတော့ အားလုံးရင်းနှီးနေကြတဲ့အတိုင်း တပိုင်းဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ ဒီထက်ပိုရင်းနှီးနေကြမှာဖြစ်တဲ့ ဒီမိုကရေစီစနစ်တမျိုးကတော့ Semi- Military Demoncracy - စစ်တပ်သဘော၊ အာဏာတချို့တ၀က်ပါဝင်တဲ့ဒီမိုကရေစီစနစ်ပါတဲ့ ။ နိုင်ငံတစ်နိုင်ငံမှာဒီမိုကရေစီစံနုန်း နဲ့ ဘယ်လောက်ကိုက်ညီလဲဆိုတာ Democracy Index လို့ခေါ်တဲ့ ဒီမိုကရေစီ အညွန်းကိန်းတွေနဲ့တိုင်းတာ အမှတ်ပေးလေ့ ရှိကြပါတယ် ။

"ဒီမိုကရေစီ  နဲ့ ဗျူရိုကရေစီ"

ဒီမိုကရေစီစနစ်ရဲ့ ယှဉ်ပြိုင်ဘက်ဟာ ဟိုးအရင်ကဆိုရင် Communist-ကွန်မြူနစ်စနစ် ဖြစ်ပေမယ့် အခုတော့ ပြိုင်ဘက်အစစ်ဟာ Bureaucray - ဗျူရိုကရေစီစနစ်ဖြစ်လာနေပါပြီ ။ ဗျူရိုကရေစီဟာ ရာထူးကြီးပုဂ္ဂိုလ်မျးက လက်ဝါးကြီးအုပ်တဲ့ စနစ်ဖြစ်ပါတယ် ။ ဒါကြောင့်လဲ အာဏာ အသုံးချပြီး လက်ဝါးကြီးအုပ်တဲ့ အရာရှိတွေကို ဗျုရိုကရက်လို့ခေါ်ကြတာဖြစ်ပါတယ်။ အဲ့ဒီဗျူရိုကရေစီစနစ်ဟာ De facto government လို့ခေါ်တဲ့ အုပ်ချုပ်နေလို့သာ အသိအမှတ်ပြုထားရတဲ့ အစိုးရတွေမှာ ရှင်သန်ကြီးထွားရုံသာမကပဲ ၊ De jure government လို့ခေါ်တဲ့ ဥပဒေနဲ့အညီ တင်မြောက်ထားတဲ့ အစိုးရတွေမှာလည်းနွယ်ပင်လို့ လိမ်ပတ်ပြီးရှင်သန်နိုင်ပါတယ် ။

"ဒီမိုကရေစီအစိုးရများ"

ဒီမိုကရေစီအမျိုးမျိုးရှိသလို ဒီမိုကရေစီ အစိုးရလဲ အမျိုးမျိုးကွဲပြားပါတယ် ။ Cabinet government လို့ခေါ်တဲ့ ၀န်ကြီးချူပ်နဲ့ ၀န်ကြီးအဖွဲ့က ကြိုးကိုင်တဲ့အစိုးရရှိသလို ၊ Republican government လို့ခေါ်တဲ့ သမ္မတဦးဆောင်တဲ့ အစိုးရတွေလဲရှိပါတယ်။ မြင်လွယ်အောင် ပြရရင် အမေရိကန်ပြည်ထောင်စုဟာ Republican governmentဖြစ်ပြီး ၊ အင်္ဂလန်နိုင်ငံကတော့ Cabinet government လို့ပြောရမှာဖြစ်ပါတယ် ။ ဒါပေမယ့် နှစ်မျိုးစလုံးဟာ Derived from the people လို့ခေါ်တဲ့ ပြည်သူတို့ထံမှ ဆင်းသက်တဲ့ ဒီမိုကရေစီစနစ်ကို အခြေခံပြီးကျင့်သုံးကြပါတယ် ။ ဒါပေမယ့် ပြည်သူတို့ထံမှ ဆင်းသက်တဲ့ ဒီမိုကရေစီစနစ် မလွန်ဆန်နိုင်တာကတော့ supremacy of constitution လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးစိုးမှု့ပဲ ဖြစ်ပါတယ်ခင်ဗျား ။

http://naingminoo.multiply.com/journal/item/156/156