ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(နေပြည်တော်)မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို ပြန်လည်ဖေါ်ပြပေးပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
စာအမှတ် ၊ ၁၃ / ရကပ
- ၁ / ကမရ
ရက်စွဲ၊ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၂ ရက်
သို့
နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ
ပြည်နယ်နှင့်
တိုင်းကော်မရှင်အဖွဲ့ခွဲအားလုံး
ခရိုင်ကော်မရှင်အဖွဲ့ခွဲအားလုံး
မြို့နယ်ကော်မရှင်အဖွဲ့ခွဲအားလုံး
အကြောင်းအရာ။ နိုင်ငံရေးပါတီများအား ကြီးကြပ်ရန် တာဝန်ပေးအပ်ခြင်း
၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို
ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့်
ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက်
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ
ကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယင်း ဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသော
လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကိုလည်းကောင်း
ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂။ နိုင်ငံရေးပါတီများကို ကြီးကြပ်ရန်ကိစ္စနှင့်စပ်လျဉ်း၍
အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်-
(က) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ
၁၁ တွင် “ပါတီတစ်ခုသည် ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ရရှိသည့်နေရက်မှစ၍-
(က)
သတ်မှတ်ချက်များနှင့်ကိုက်ညီသော ပါတီဝင်ခွင့်လျှောက်ထားသူများအား ပါတီဝင် အသိအမှတ်ပြုလွှာများထုတ်ပေးခြင်း၊
ပါတီဝင်များထံမှ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေးများကောက်ခံခြင်းနှင့် စည်းရုံးခြင်းများကို
ပါတီစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်သည်။
(ခ)
ပါတီဝင်အသိအမှတ်ပြုလွှာများထုတ်ပေးပြီးသော ပါတီဝင်အင်အားစာရင်းကို ပြုစုထားရှိပြီး ယင်းစာရင်းကို
သတ်မှတ်သည့်အတိုင်း ကော်မရှင်သို့ တင်ပြရမည်။”
(ခ) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ
၁၂ တွင်-
“(က) ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းလျှင်
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ-
(၁) အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊
အမျိုးသားလွှတ်တော် မှဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မှဲဆန္ဒနယ်များအနက်
အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မှု
မပြုနိုင်ခြင်း၊
(၂) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်
ကြေညာခံရခြင်း
(၃) နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော
သောင်းကျန်းသူအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု
နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော
အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ
ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
(၄) ပုဒ်မ ၆ ပါ ၀န်ခံချက် တစ်ရပ်ရပ်ကို
စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း၊
(၅) နိုင်ငံတော်ပိုင် ငွေကြေး၊
မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ
ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း၊
ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော
စကားရပ်တွင် ထိုပါတီ၌ ပါဝင်သော ပုဂ္ဂိုလ်များ၏ အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊
နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်သည့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ချီးမြှင့်ထားသောလစာ၊
စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊
(၂) နိုင်ငံတော်ပိုင်
မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ထိုပါတီ၌ပါဝင်သော ပုဂ္ဂိုလ်များအား
ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ၀ာာဝန်အရသော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော
သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊
အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံပိုင် လေယာဉ်၊
ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်တို့ မပါဝင်။
(၆) ပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့်
ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားရှိခြင်း၊
(၇) ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါသတ်မှတ်ချက်အတိုင်း
ပါတီဝင်ဦးရေကို စည်းရုံးမှု မပြုနိုင်ကြောင်းတွေ့ရှိခြင်း။
(ခ) ကော်မရှင်သည် ပုဒ်မခွဲ (က)
ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသော ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို
ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်။”
(ဂ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေပုဒ်မ ၂၄ တွင်-
“(က) ပါတီတစ်ခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊
လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေငြာစာ၊ အမိန့်နှင့် ညွန်ကြားချက်များပါ ပြဋ္ဌာန်းချက်
တစ်ရပ်ရပ် သို့မဟုတ် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း
ကော်မရှင်ကတွေ့ရှိလျှင် ကော်မရှင်သည် ထိုပါတီအား လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန်
အချိန် ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်။
(ခ) ပါတီတစ်ခု၏ ပါတီတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍
တစ်ဦးဦးက ကော်မရှင်သို့ တိုင်ပြတိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်းစစ်ဆေး၍ လိုအပ်လျှင်
နိုင်ငံတော်၏အကျိုးငှာ ထိုပါတီအား လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလသတ်မှတ်၍
ညွှန်ကြားနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) သို့မဟုတ်
(ခ) အရ ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက ကော်မရှင်သည် ယင်းပါတီအား
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင်သည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ ပါတီ၏မှတ်ပုံတင်ထားခြင်းကို
ယာယီရပ်ဆိုင်းခြင်းခံရလျှင် ယင်းပါတီသည် ထိုယာယီရပ်ဆိုင်းထားသော ကာလအတွင်း ကော်မရှင်က
ညွှန်ကြားထားသောလုပ်ငန်းများမှအပ ပါတီ၏ ကျန်လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမည်။
(င) ပုဒ်မခွဲ (ဂ) ပါ ထိုယာယီရပ်ဆိုင်းထားသည့်ကာလ
ကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ကော်မရှင်သည်
ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်။”
(ဃ) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း
နည်းဥပဒေ ၁၅ တွင်-
“ ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းကြောင်း
ကော်မရှင်ကတွေ့ရှိလျှင် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို
ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊
(ခ) တရားဥပဒေစိုးမိုးရေးနှင့်
အေးချမ်းသာယာရေးကို ထိခိုက်စေသည့်ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း၊
(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး
သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊
သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုပြုလုပ်ခြင်း၊
(င) ဘာသာရေးကို နိုင်ငံရေးအတွက်
အလွဲသုံးစားပြုလုပ်ခြင်း၊
(စ) နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏
အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ
ငွေကြေး၊ ပစ္စည်း ၊ အခြား အထောက်အပံ့တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း
သို့မဟုတ် ယင်းတို့၏သြဇာခံယူခြင်းပြုသည့် အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊
(ဆ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်
ကြေညာခံရခြင်း၊
(ဇ) နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသော
သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က
သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံရသော အဖွဲ့
အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေး ကူညီခြင်း၊
(ဈ) နိုင်ငံတော်ပိုင် ငွေကြေး၊
အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့်
အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရှိခြင်း၊
(ည) ဥပဒေပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့်
ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားခြင်း။”
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဥပဒေ ပုဒ်မ ၈(ဋ)၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၃ နှင့် နိုင်ငံရေးပါတီများမှတ်ပုံခြင်းနည်းဥပဒေ
၁၈ တို့အရ နိုင်ငံရေးပါတီများကို တည်ဆဲဥပဒေ၊ နည်းဥပေဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊
အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်လျက်ရှိပါသည်။
၎။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို
ကော်မရှင်ကိုယ်စားကြီးကြပ်ရန် အတွက် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အား အောက်ပါအတိုင်း
ဆောင်ရွက်ရန်တာဝန် ပေးအပ်လိုက်သည် -
(က) ပါတီဌာနချုပ်/ပါတီရုံးခွဲများတည်ရှိရာ
ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ များသည် အထက်အပိုဒ် ၂ နှင့်
၃ ပါအတိုင်း နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန်၊
(ခ) ပါတီများ၏
စည်းရုံးလှုပ်ရှားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ စည်းရုံးလှုပ်ရှားသည့် နယ်မြေရှိ ပြည်နယ်/တိုင်း၊
ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် အထက်အပိုဒ် ၂ နှင့် ၃ ပါအတိုင်း နိုင်ငံရေးပါတီများအား
ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်၊
(ဂ) လိုအပ်ပါက
နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကို ခေါ်ယူ၍ တွေ့ဆုံဆွေးနွေးညွှန်ကြားရန်။
၅။ ကော်မရှင်အဖွဲ့ခွဲများသည် နိုင်ငံရေးပါတီများအား
ကြီးကြပ်ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်အစီရင် ခံစာကို သဘောထားမှတ်ချက်များနှင့်အတူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အဆင့်ဆင့်တင်ပြရမည်။
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
မိတ္တူကို
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး
အစိုးရအဖွဲ့ရုံး
ပြည်ထဲရေးဝန်ကြီးဌာန
တရားရုံးချုပ်
ရှေ့နေရုံးချုပ်ရုံး
ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီအားလုံး
နိုင်ငံရေးပါတီများအားလုံး