Monday, August 27, 2012

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း 
       မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း ရွာသူ/သားများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
   မြိတ်မြို့နှင့် ကိုးမိုင်ခန့်ဝေးကွာသည့် ကျွဲကူးကျေးရွာတွင် ယခုလက်ရှိ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော ဒေါ်ဝင်းဝင်းခိုင်သည် ကျွဲကူးရွာသူ/သားများတည်ဆောက်ပေးထားသော ကျန်းမာရေးဆေးခန်းတွင် နေထိုင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်မှာ (၄)နှစ်ခန့်ပင် ရှိခဲ့ပြီဖြစ်သည်။ ဒေါ်ဝင်းဝင်းခိုင်သည် တာဝန်ထမ်းရန် ရောက်ရှိသည့်အချိန်မှစ၍ ယခုအချိန်ထိ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရှိရပါသည်။ ဆင်းရဲသားလူနာများ အရေးပေါ်သွားရောက် ပင့်ဆောင်သည့်အခါများတွင် အချိန်မှီ လိုက်ပါခြင်းမရှိကြောင်း၊ အရေးပေါ် သွားရောက် ပင့်ဆောင်လျှင်လည်း မောက်မာရိုင်းပြစွာ ပြောဆိုဆက်ဆံကြောင်း၊ ဆေးကုသမှုစရိတ်များမှာလည်း ဆေး တစ်လုံးထိုးလျှင် တစ်သောင်းကျပ်ယူကြောင်း၊ လူနာများကိုလည်း ပိုက်ဆံရလျှင် ပြီးရောဆိုသည့်ပုံစံဖြင့် စေတနာမပါဘဲ ရိုင်းပြစွာ ပြုမှုဆက်ဆံကြောင်းတို့ကို သိရှိရပါသည်။ ၄င်းအပြင် ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် စောင့်ရှောက်မှုများ မပေးခြင်း၊ အရေးပေါ်မွေးဖွားရန်အတွက် သွားရောက်ပင့်ဆောင်လျှင်လည်း အချိန်မှီ လိုက်ပါခြင်းမရှိခြင်း၊ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရာတွင်လည်း မိမိထံ၌ ပြသအပ်နှံသူများကိုသာလျှင် ကြည့်ရှုပေးခြင်းနှင့် မွေးစာရင်းများကိုထုတ်ပေးခြင်း၊ အခြားသော ကိုယ်ဝန်ဆောင်များကိုမူ စောင့်ရှောက်မှု မပေးခြင်းနှင့် မွေးစာရင်းများနှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးမှုမရှိခြင်း၊ မပြုလုပ်ပေးနိုင်ကြောင်း ကိုလည်း ပြောဆိုခြင်း၊ မိမိကိုယ်ပိုင်ဖွင့်လှစ်ထားသော သားဖွားဆေးခန်းတွင် လာရောက်အပ်နှံသော လူနာများကိုသာ လက်ခံပြီး ဂရုတစိုက် စောင့်ရှောက်မှုများပေးခြင်း စသည်တို့ကို ပြုမူပြောဆို ဆက်ဆံလျှက်ရှိကြောင်း သိရှိရပါသည်။
  ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြစွာ ပြုမှုပြောဆိုမှုများ ကို ဒေသခံပြည်သူများအနေဖြင့် မကျေနပ်ချက်များစွာ ရှိသော်လည်း ကျေးရွာ တွင် ဆေးကုသမှုပေးနေသည်မှာ ဒေါ်ဝင်းဝင်းခိုင် တစ်ဦးတည်းရှိနေသောကြောင့် များစွာ ပင် သီးခံ၍နေရကြောင်း၊ ၄င်း၏ ပြုလုပ်ချက်များနှင့်ပတ်သက်ပြီး တင်ပြပေးရန်နှင့် ဖြစ်နိုင်မည် ဆိုပါက စေတနာပြည့်ဝသည့် ၀န်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်ပေးရန်တို့အတွက် သက်ဆိုင်ရာများသို့ တင်ပြပေးရန် စန္ဒ၀တ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား သွားရောက် အကူအညီတောင်းခံရာတွင်လည်း ဦးစိုးအောင်မှာ မိမိနှင့် မသက်ဆိုင်သလို ပြောဆိုပြီး ကူညီဆောင်ရွက်ပေးမှုမရှိခြင်းတို့ကိုလည်း သိရှိရပါသည်။ ထိုကြောင့် ပြည်သူများမှ သက်ဆိုင်ရာသို့ သွားရောက်တင်ပြပြီး အကူအညီတောင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာမှလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ သက်ဆိုင်ရာသို့ တင်ပြသည်နှင့်ပတ်သက်၍ ဒေါ်ဝင်းဝင်းခိုင်မှ  “နင်တို့ ငါ့ကို အလုပ်ပြုတ်အောင်လုပ်ချင်လျှင် ထားဝယ် (တိုင်း)မှာ တိုင်မှရမယ်… ဘိတ် (မြိတ်မြို့)အဆင့်နဲ့ ဘာမှ လုပ်လို့မရဘူး… ဒီရွာမှာနေတဲ့သူတွေအားလုံး လူတွေမဟုတ်ဘူး.. ကျွဲတွေ… မကျေနပ်တဲ့သူအားလုံး ဆေးထိုးသတ်မယ်…” ဟူ၍ ပတ်ဝန်းကျင်ရှိ ပြည်သူများကို ရိုင်းပြစွာပြောဆိုပြီး ကြုံးဝါးထားသည်ဟူ၍လည်း သိရှိရပါသည်။ ထိုသို့ ဆေးထိုးသတ်မည်ဟု ကြုံးဝါးထားသောကြောင့် ပြည်သူများမှာ ဘာမျှလည်းမလုပ်ရဲ၊ သွားရောက်ပင့်ဆောင်ရန်အတွက်လည်း မ၀ံ့ရဲဘဲ ကြောက်ရွံ့လျှက်ရှိကြောင်း သိရှိရပါသည်။
   ထိုကဲ့သို့ ဖြစ်ပေါ်လျှက်ရှိနေသော ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစား ခွဲခြားမှု၊ မောက်မာ ရိုင်းပြစွာ ပြုမှုပြောဆိုမှု၊ ဆေးတန်းဖိုး အဆမတန်ကြီးမားမှု၊ မိမိ၏ အကျိုးစီးပွါး ကိုသာကြည့်၍ ကိုယ်ပိုင်ဆေးခန်းတွင်သာ ဆေးကုသမှု စသည်တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ်ပြီး အလေးထားဆောင်ရွက်ပေးပါရန်နှင့် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန် ချထားပေးပါရန်အတွက်  ပြည်သူများ၏ဆန္ဒအတိုင်း တင်ပြ အကူအညီ တောင်းခံအပ်ပါသည်။