Wednesday, April 4, 2012

ဒေါ်အောင်ဆန်းစုကြည် (မြိတ်ခရီးစဉ်)၌ ရုပ်သိမ်းထားပြီးသော နိုင်ငံတော်အလံအသုံးပြုခြင်း

ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်တွင် မသိနားမလည်သော NLD ပါတီဝင်များနှင့် ပြည်သူလူထုများသည် ရုပ်သိမ်းထားပြီးသော နိုင်ငံတော်အလံကို အသုံးပြုခဲ့ပါသည်။ ယခင်အသုံးပြုခဲ့သော နိုင်ငံတော်အလံအား နိုင်ငံတော်အလံဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၁ ) ကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၈/၂၀၁၀ ဖြင့် ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ ရုပ်သိမ်းထားပြီးသော နိုင်ငံတော်အလံအား အသုံးပြုခြင်း သည် နိုင်ငံတော်၏ ဥပဒေကို မလေးစားမလိုက်နာဖြစ်ခြင်း၊ မထီမဲ့မြင်ပြုခြင်းတို့ များစွာ သက်ရောက်နေပါသည်။ ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်သည် လေယာဉ်ပေါ်မှ ဆင်းသည့်အချိန်တွင် NLD ပါတီမှ တာဝန်ရှိသူအား ၄င်းအလံများ အသုံးမပြုရန် ပြောကြားခဲ့ပါသည်။ သို့ပါသော်လည်း ၄င်းအလံအား အသုံးပြုသူများပြားခြင်း၊ ပြည်သူများ၏ ယုံကြည်မှုကို မပျက်ပြားစေလိုခြင်း စသည်တို့ကြောင့် အကုန်လုံးကို မတားဆီးနိုင်ခဲ့ပေ။ ပြည်သူလူထု၏ မျှော်လင့်ချက်များကို ဆောင်ယူပေးမည်ဟု ပြောကြားထားသော NLD ပါတီအနေဖြင့် ပါတီဝင်များနှင့် ပြည်သူလူထုအား မထိခိုက်စေလိုပါက ၄င်းအလံအသုံးပြုခြင်းကို တာဝန်ရှိသူတစ်ဦးမှနေ၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြား၍  ထိထိရောက်ရောက်တားမြစ်ပါက ပိုမို၍ သင့်လျော်ပါပေသည်။ ပြည်သူလူထုများ၊ NLD ပါတီဝင်များအနေဖြင့် ဥပဒေကို နားမလည်နိုင်ကဲ့သည်ရှိသော်လည်း ဦးစီးဆောင်ရွက်ပြုသူများသည် အနည်းအကျဉ်း နားလည် ထားသင့်ပေသည်။ အကယ်၍ နားလည်ခဲ့မည်ဆိုပါက မိမိတို့ပါတီဝင်များအား လမ်းညွှန်ပြသပေးရန် များစွာလိုအပ်နေပါကြောင်း အသိပေးတင်ပြအပ်ပါသည်။