Wednesday, April 4, 2012

NLD ပါတီ အနိုင်ရရှိခြင်း


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားအားလုံး၏ မျှော်လင့်မှုဖြစ်ပြီး တာဝန်လည်းရှိပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအား နိုင်ငံတကာစောင့်ကြည့်မှု၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်မြောက်မှု၊ စီးပွါးရေးပိတ်ဆို့မှု၊ ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှု၊ ပါတီစုံ အစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖေါ်တည်ဆောက်မှု၊ ပြည်သူလူထု၏ မျှော်လင့်တောင့်တမှု၊ ဆင်းရဲမွဲတေ ပပျောက်မှု စသဖြင့် လိုအပ်ချက်များစွာကို ကြည့်ရှု၍ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ လက်တွဲဆောင်ရွက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဥပဒေများကို ပြင်ဆင်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် လမ်းကြောင်းများ ခင်းပေးခဲ့ပါသည် ( ညှိနှိုင်းဆောင်ရွက်မှု၌လည်း မသိရှိနိုင်သေးသော အချက်အလက်များစွာ ရှိနေပါသေးသည်)။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီကို ကိုယ်စားပြု၍ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြည်သူလူထုကလည်း မိမိတို့၏ မျှော်လင့်တောင့်တမှုများကို ဆောင်ယူပေးမည်ဟု ယုံကြည်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒခံယူ အားပေးထောက်ခံခဲ့သကဲ့သို့ NLD ပါတီကိုယ်စားလှယ်များကိုလည်း အားပေးထောက်ခံခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ထောက်ခံမှုကြောင့် NLD ပါတီကိုယ်စားလှယ်များနေရာတွင် ဘယ်သူပြိုင်ပြိုင် နိုင်မည့်အနေအထားသို့ပင် ရောက်ရှိခဲ့ပါသည်။ ယခုဆိုလျှင် NLD ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာနီးပါးဖြင့် အောင်မြင်လာခဲ့ပြီဖြစ်ပါသည်။ သို့ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း နိုင်ငံတော်၏ အကျိုးစီးပွါး၊ ပြည်သူလူထု၏ မျှော်လင့်တောင့်တမှုများကို ဆောင်ယူပေးမည့် အချိန်အခါလည်း ရောက်ရှိလို့ လာခဲ့ပါသည်။ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည် စွမ်းဆောင်နိုင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ပြသမှုစွမ်းရည်များကြောင့် ကျန်သည့် NLD ပါတီကိုယ်စားလှယ်များကိုလည်း အရည်အချင်းကောင်းများရှိရန်နှင့် အစိုးရအဖွဲ့တွင် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။ အစိုးရအဖွဲ့သည် ပါတီစုံအစိုးရဖြစ်သောကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုသည် ပါတီအားလုံး တစ်လှေတည်း တစ်ခရီးတည်း သွားကြသူများဖြစ်သောကြောင့် ပါတီများ၏ ညီညွှတ်မှုသည် များစွာအရေးကြီးသည်ဟုလည်း ထင်မိပါသည်။ ပါတီတစ်ခုနှင့်တစ်ခု ပုတ်ခတ်၍ မကောင်းကြံနေမည့်အစား တစ်ခု၏အမှားကို တစ်ခုက ထောက်ပြ၍ ဝေဖန်သုံးသပ်မှု ဆောင်ရန်က ပို၍ထိရောက်ကောင်းမွန်ပါလိမ့်မည်။ ပါတီများ၏ လုပ်ဆောင်မှုများကို ပြည်သူလူထုက ဆုံးဖြတ်၍ အားပေးထောက်ခံပါလိမ့်မည်။ ပြည်သူလူထု၏ မျှော်လင့်တောင့်တမှုများနှင့် အကျိုးပြုလုပ်ဆောင်မှုများ ဖေါ်ဆောင်မှုတွင် မူတည်ပါပေသည်။